ရွေးကောက်ပွဲမတိုင်မီ နယ်စပ်အဝင်အထွက်ပိတ်ထားရန် အီကွေဒေါစီစဉ်

News Image

  • ရွေးကောက်ပွဲမတိုင်မီ နယ်စပ်အဝင်အထွက်ပိတ်ထားရန် အီကွေဒေါစီစဉ်

ကွီတို    ဖေဖော်ဝါရီ ၄

ယခုရက်သတ္တပတ်ကာလအတွင်း နယ်စပ်အဝင်အထွက်များပိတ်ထားရန်နှင့် နယ်စပ်လုံခြုံရေးမြှင့်တင်ထားရန် အီကွေဒေါအစိုးရက စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

အထွေထွေ ရွေးကောက်ပွဲမကျင်းပမီ နယ်စပ်အဝင်အထွက်များကို ပိတ်ထားရန် အီကွေ‌ဒေါအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၈ ကမှစ၍ ၁၀ ရက်ထိ အီကွေဒေါနယ်စပ်တစ်လျှောက် အဝင်အထွက်များကို ပိတ်ထားမည်ဖြစ်ကြောင်း အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုဝါက လူမှုမီဒီယာ စာမျက်နှာပေါ်၌ ကြေညာထားသည်။

ပြည်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် လက်နက်ကိုင်အုပ်စုများက ကြိုးစားလာမှုကို တုံ့ပြန်သည့်အနေဖြင့် ယခုရက်သတ္တပတ်ကုန်ကာလအတွင်း နယ်စပ်များပိတ်ထားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အီကွေဒေါသမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံနယ်စပ်တစ်လျှောက်နှင့် ဆိပ်ကမ်းများတွင်လည်း လုံခြုံရေးမြှင့်တင်ရန်တပ်မတော်ကို ညွှန်ကြားထားကြောင်း အီကွေဒေါသမ္မတက ပြောကြားထားသည်။

အီကွေဒေါနိုင်ငံသည် ဖေဖော်ဝါရီ ၉ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပးရန် စီစဉ်ထားပြီး ယင်းရွေးကောက်ပွဲ၌ သမ္မတ ရာထူးအတွက် ယှဉ်ပြိင်မည့် သမ္မတလောင်းများထဲတွင် လက်ရှိသမ္မတ နိုဘိုဝါလည်း ပါဝင်ကြောင်း သိရသည်။

Ref: Xinhua၊ Trs: KKO

Source: ရတနာပုံသတင်းစာ