အီရန်ကို တိုက်ခိုက်ခဲ့သည့် B-2 လေယာဉ်မှူးများကို အိမ်ဖြူတော်က လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဖိတ်ကြား
ဇူလိုင်လ ၄ ရက်နေ့ တွင်ကျင်းပခဲ့သော အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် B-2 ဗုံးကြဲလေယာဉ်မှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အိမ်ဖြူတော်၏ တောင်ဘက်မြက်ခင်းပြင်တွင် ကျင်းပသော အထိမ်းအမှတ်အခမ်းအနားသို့ ဖိတ်ကြားခဲ့ပြီး ထရမ့်က ၎င်းတို့၏ ကိုယ်ရေးအချက်အကျဉ်းကို ထုတ်ဖော်ပြောဆိုရန် အားပေးခဲ့သည်။
“မိမိတို့အနေဖြင့် B-2 ဗုံးကြဲလေယာဉ်တပ်ဖွဲ့၏ ဌာနချုပ်ဖြစ်သော မစ္စစ္စပီ မှ Whiteman လေတပ်စခန်းမှ လေတပ်သား ၁၅၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ကြိုဆိုရသည်မှာ ဂုဏ်ယူစရာပါ” ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၄ ရက်နေ့တွင် အိမ်ဖြူတော်၏ Truman Balcony မှ တောင်ဘက်မြက်ခင်းပြင်တွင် ဂုဏ်ပြုပွဲ တက်ရောက်လာ ကြသည့် ပရိတ်သတ်ကို မိန့်ခွန်းပြောကြားခဲ့သည်။
ယခုလဆန်းပိုင်းက အီရန်၏ အဓိကနျူကလီးယားစက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် Operation Night Hammer စစ်ဆင်ရေးတွင် ပါဝင် ခဲ့သည့် လေယာဉ်မှူးများကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်ရန် အိမ်ဖြူတော်မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ လုံခြုံရေးအတွက် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားရ သော်လည်း အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုရန် ထရမ့်က အားပေး ခဲ့သည်။
ပင်တဂွန် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီ (DIA) ၏ လျှို့ဝှက် အစီရင်ခံစာတွင် အမေရိကန်၏ တိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယား အစီအစဉ်ကို အပြီးတိုင်ဖျက်ဆီးနိုင်ခြင်းမရှိဘဲ လအနည်းငယ်သာ နောက်ကျ သွားစေနိုင်သည်ဟု အကဲဖြတ်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့ပါသည်။
သို့သော် ဇူလိုင် ၄ ရက်နေ့တွင် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များအား ပြောကြားရာတွင် သမ္မတ Trump က အီရန်၏နျူကလီးယား အစီအစဉ်ကို အပြီးတိုင် ပျက်စီးသွားစေခဲ့သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သော်လည်း တီဟီရန်သည် အခြားနေရာတွင် ထိုအစီအစဉ်ကို ပြန်လည်စတင်နိုင်သည်ဟု ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၁၂ ရက်ကြာ ပဋိပက္ခ၏ နောက်ပိုင်းတွင် နိုင်ငံ၏နျူကလီးယားစက်ရုံများ ပြင်းထန်စွာ ပျက်စီး ခဲ့ကြောင်း၊ တီဟီရန်သည် အခြေအနေကို စစ်ဆေးသုံးသပ်နေကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် အီရန်သည် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်စဲကြောင်း ကြေညာခဲ့ပြီး ယူရေနီယံထပ်တိုးသန့်စင်မှုကို မရပ်တန့်ဟု ပြောကြား ခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂