ရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးကို သယ်ဆောင်လာသည့် အမေရိကန်စစ်လေယာဉ် အိန္ဒိယသို့ ရောက်ရှိ
အိန္ဒိယနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးကို သယ်ဆောင်လာသည့် အမေရိကန်စစ်လေယာဉ်သည် ဖေဖော်ဝါရီ လ ၅ ရက်တွင် အမ်ရစ်စတာမြို့လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း အစိုးရအဖွဲ့မှ အရာရှိများက ပြောသည်။
ယခုပို့ဆောင်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများသည် အမေရိကန်အစိုးရ၏ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် ပို့ဆောင်ခြင်းခံရသူများဖြစ်သည်။
အမေရိကန်စစ်လေယာဉ်သည် တက္ကဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှ ပျံသန်းလာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အမ်ရစ်စတာလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရပြီး ပြန်လည်ပို့ဆောင်ခြင်း ခံရသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၅ ဦးပါဝင်ကြောင်းသိရသည်။
အိန္ဒိယအစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပနိုင်ငံများရှိ တရားမဝင် နေထိုင်နေသည့် နိုင်ငံသားများကို ပြန်လည်လက်ခံရန် အသင့်ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားထားသည်။
Source: Myawady Web Portal