အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံသစ် တည်ဆောက်မည့်အမိန့်အား သမ္မတ ထရမ့် ပြန်လည် အသက်သွင်း
အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံ (National Park of American Heroes) ကို ပြန်လည် အသက်သွင်းမည့် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်မှု အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။
သမိုင်းကြောင်းတစ်လျှောက် အကြီးမြတ်ဆုံး အမေရိကန် ခေါင်းဆောင်များ၏ ရုပ်တုများဖြင့် ပြည့်နက်နေသည့် အာဇာနည်ပန်းခြံသစ် တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်မည့် အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း” ထရမ့်က US Capitol အဆောက်အအုံတွင် ပြုလုပ်သည့် National Prayer Breakfast မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံ၏ အာဇာနည်သူရဲကောင်းများကို တိုင်းပြည်၏ အကြီးမြတ်ဆုံးသူရဲကောင်းများအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်သွေးနှင့် စတေးခဲ့ရသည့်တိုင်းပြည်ကို ဖျက်ဆီးမှု မရှိစေဘဲ ဆက်လက်တည်ဆောက်သွားရန် ထရမ့်က ပြောကြားခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် သမ္မတထရမ့်က အလားတူ အုပ်ချုပ်ရေးအမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်နှစ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က အဆိုပါ အမိန့်အား ရုတ်သိမ်းစေခဲ့ပါသည်။ ယခင် ထုတ်ပြန်ခဲ့သည့် အမိန့်တွင် အဆိုပါပန်းခြံအား အမေရိကန်နိုင်ငံ၏ နှစ် ၂၅၀ ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ၂၀၂၆ ခုနှစ်တွင် မူသတ်မှတ်ချက်ပါအတိုင်း အပြီးတည်ဆောက်သွားရန် သတ်မှတ်ခဲ့သော်လည်း ယခု ပြန်လည်အသက်သွင်းလိုက်သည့်အမိန့်တွင် အာဇာနည်ပန်းခြံအား တတ်နိုင်သမျှ မြန်မြန်ပြီးစီးအောင် တည်ဆောက်သွားရန် ထရမ့်က တောင်းဆိုထားသည်။
ကိုးကား -MSN
Photo: Yahoo