လုံခြုံရေးနှင့်စီးပွားရေးကဏ္ဍများတွင် ဆက်ဆံရေး အားကောင်းလာစေရန် ဂျပန်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတ သဘောတူ

News Image

  • လုံခြုံရေးနှင့်စီးပွားရေးကဏ္ဍများတွင် ဆက်ဆံရေး အားကောင်းလာစေရန် ဂျပန်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတ သဘောတူ

ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru နှင့် အမေရိကန်သမ္မတ Donald Trump တို့သည် ၎င်းတို့၏ ပထမဆုံးထိပ်သီးဆွေးနွေးပွဲအဖြစ် တွေ့ဆုံခဲ့ကြပြီး လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသကို ဖော်ဆောင်ရန် အတွက် ဟန့်တားမှုနှင့် တုံ့ပြန်မှုစွမ်းရည်များကိုတိုးမြှင့်ရန် သဘောတူခဲ့ကြပါသည်။

တရုတ်၏လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အမေရိကန်နှင့်ဂျပန်အစိုးရတို့ ကြုံတွေ့နေရသည့် အကျပ်အတည်းများကို ပူးတွဲကြေညာချက် တစ်စောင် ၌ အလေးပေးဖော်ပြခဲ့ပါသည်။

Ishiba က “မဟာမိတ်အဖွဲ့၏ ဟန့်တားမှုနှင့် တုံ့ပြန်မှုစွမ်းရည်ကို မြှင့်တင်ပြီး ဒေသဆိုင်ရာ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်နှစ်နိုင်ငံအနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အတည်ပြုခဲ့ကြောင်း” ပြောကြားခဲ့ပါသည်။

Trump က “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ဂျပန် ဝန်ကြီးချုပ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အင်ဒို-ပစိဖိတ် ဒေသတစ်ခုလုံး၌ ငြိမ်းချမ်းရေးရရှိရန် ခွန်အားဖြင့် ဖော်ဆောင်သွားမည်” ဟု ပြောကြားခဲ့ပါသည်။

Ishiba နှင့် Trump တို့သည် Quad Security Dialogue ကဲ့သို့သော နိုင်ငံတကာမူဘောင်များမှတစ်ဆင့် အခြားနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရေး ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါ သည်။ ဂျပန်၊ အမေရိကန်၊ သြစတြေးလျနှင့် အိန္ဒိယတို့သည် အဆိုပါ အဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသည်။

တရုတ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ Ishiba က ၎င်းနှင့် Trump သည် ဂျပန်-အမေရိကန် လုံခြုံရေးသဘောတူစာချုပ်၏ ပုဒ်မ ၅ ကို Okinawa ခရိုင်က Senkaku ကျွန်းစုများအတွက်ကျင့်သုံးရန် အတည်ပြုခဲ့ကြောင်း ဆိုခဲ့ပြီး ၎င်းပုဒ်မတွင် အမေရိကန်၏ ကာကွယ်ရေးဆိုင်ရာတာဝန်များကို ပြဋ္ဌာန်းထားပါသည်။

ဂျပန်က Senkaku ကျွန်းစုများကို ထိန်းချုပ်ထားပြီး တရုတ်နှင့် ထိုင်ဝမ် တို့ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုနေပါသည်။ ဂျပန် အစိုးရက ၎င်းကျွန်းစုများ၏ အချုပ်အခြာအာဏာဆိုင်ရာကိစ္စရပ်တွင် မည်သည့်ပြဿနာမျှမရှိဟူသော ရပ်တည်ချက်ကို စွဲကိုင်ထားပါသည်။

Ishiba နှင့် Trump သည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါမှုကိုလည်း အတည်ပြုခဲ့ပါသည်။

စီးပွားရေးနှင့်ပတ်သက်၍ ပြောဆိုရာတွင် ခေါင်းဆောင်နှစ်ဦးက တရုတ်နိုင်ငံ၏ တိုးတက်အားကောင်းလာမှုကို ထည့်သွင်းစဉ်းစားခဲ့ကြ ကာ စီးပွားရေးအရအကျပ်ကိုင်မှုကို တန်ပြန်ရန်နှင့် ထောက်ပံ့ရေး ကွင်းဆက်များ အားကောင်းလာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်လည်း ၎င်းတို့ အတည်ပြုခဲ့ကြပါသည်။

ကိုးကား-NHK World