အမေရိကန်က ဂါဇာကို ပိုင်ဆိုင်ထိန်းချုပ်လိုကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသများအနေဖြင့် ဂါဇာဒေသပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီပေးစေလိုကြောင်းထရမ့် ပြောကြား
ဟားမားစ်များ ထပ်မံမဝင်ရောက်စေရန် ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူသိမ်းပိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့ပြီး ဂါဇာဒေသ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်အရှေ့အလယ်ပိုင်းဒေသများက ပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း Super Bowl အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၉ ရက် တွင် နယူးအော်လန်မြို့သို့ သွားရောက်သည့် Air Force One လေယာဉ် ပေါ်တွင် ပြောကြားခဲ့ပါသည်။
ထို့ပြင် ပါလက်စတိုင်းဒုက္ခသည်အချို့ကို အမေရိကန်ပြည်ထောင်စုအတွင်း ခိုလှုံနေထိုင်ခွင့်ပြုရန် စီစဉ်ထားသော်လည်း သေချာစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။
ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူသိမ်းပိုက်မည်ဟူသော ထရမ့်၏ ကြေညာချက်အပေါ် ကမ္ဘာ့နိုင်ငံအများအပြား က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
ဂါဇာကို ဝယ်ယူမည့် ထရမ့်၏ အစီအစဉ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံကလည်း အခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ ပြတ်ပြတ်သားသား ကန့်ကွက် ခဲ့သည်။ ဂျော်ဒန်ဘုရင် Abdullah သည် “ထရမ့်၏ ဂါဇာကြေညာချက်သည် အရှေ့အလယ်ပိုင်းဒေသတစ်ဝိုက်တွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေကာ အစ္စရေးနှင့် မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စေမည့် အစွန်းရောက်ဝါဒီ၏ လမ်းစဖြစ်သည်” ဟု ဖေဖော်ဝါရီ ၁၁ ရက် ဝါရှင်တန်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ထရမ့်အား ပြောကြားသွားရန် စီစဉ်ထားကြောင်း Reuters သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ကိုးကား-Yahoo