နမီးဘီးယားလွတ်လပ်ရေးဖခင် ဆမ်နျုဂျိုမာ ကွယ်လွန်
တောင်အဖရိကကိုလိုနီအုပ်ချုပ်မှုမှ လွတ်လပ်ရေးရရှိအောင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ၊ နမီးဘီးယားနိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် ၁၅ နှစ်တိုင် ထမ်းဆောင်ခဲ့သူ ဆမ်နျုဂျိုမာသည် ဖေဖော်ဝါရီ ၈ ရက် (စနေနေ့) ည အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း လက်ရှိသမ္မတ Nangolo Mbumba က ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့)တွင် ကြေညာလိုက်ပါသည်။ ဆမ်နျုဂျိုမာ ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်အရွယ်ရှိပြီ ဖြစ်ပါသည်။
ဗြိတိန်ချားလ်စ်ဘုရင်က ဆမ်နျုဂျိုမာ ကွယ်လွန်မှုမှာ လွန်စွာဝမ်းနည်း ကြေကွဲရပါကြောင်း၊ နျုဂျိုမာ၏ ဘဝတစ်လျှောက်လုံး လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့မှုမှာ သမိုင်းတင်ရစ် ခဲ့ပါကြောင်း ပြောကြားလိုက်ပါသည်။
၁၉၉၀ ပြည့်နှစ်တွင် တောင်အဖရိကကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေး တိုက်ပွဲဦးဆောင်ခဲ့သူနှင့် နိုင်ငံကို ဒီမိုကရေစီနှင့် တည်ငြိမ်အေးချမ်းစေရန် ထူထောင်ပေးခဲ့သူ နျုဂျိုမာသည် ၂၀ ရာစု တောင်အာဖရိက ကိုလိုနီနိုင်ငံများအဖြစ်မှ လွတ်မြောက်စေရန် ဦးဆောင်ခဲ့သော အာဖရိကခေါင်းဆောင်ကြီးများအနက် နောက်ဆုံးမျိုးဆက်လည်းဖြစ်ပါသည်။
ကိုးကား -The Guardian