တစ်ချိန်တွင် ယူကရိန်းသည် ရုရှားအပိုင် အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
တစ်ချိန်တွင် ယူကရိန်းသည် ရုရှားအပိုင်ဖြစ်လာနိုင်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပြီး ယူကရိန်းတွင် အမေရိကန် အစိုးရက ရင်းနှီးမြုပ်နှံထားသည့် ငွေကြေးများအတွက် အပြန်အလှန်အားဖြင့် သဘောတူညီချက်ရယူထားလိုကြောင်း ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ယူကရိန်းသည် မြေရှားသတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူနိုင်သော အလွန်အဖိုးတန်သည့် မြေနေရာများ ပိုင်ဆိုင်ထားကြောင်း၊ ယူကရိန်းတွင် ဒေါ်လာဘီလီယံ ရာနှင့်ချီ ရင်းနှီးမြှုပ်နှံထားသဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာမှုရှိစေရန် မိမိတို့အနေဖြင့် သဘောတူညီချက် ရယူထားလိုကြောင်း၊ အဆိုပါ သဘောတူညီချက်အား ယူကရိန်းဘက်က လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်မှာ မသေချာကြောင်း၊ ထို့ပြင် ယူကရိန်းသည် တစ်ချိန်တွင် ရုရှားအပိုင်ဖြစ်လာနိုင်သကဲ့သို့ ဖြစ်မလာနိုင်သည်လည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုငွေ အားလုံးအတွက် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးရှိသည့် မြေရှားသတ္တုများ ပြန်လိုချင်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း ယူကရိန်း က သဘောတူထားကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများ အလဟဿ မဖြစ်နိုင်ကြောင်း” ထရမ့်က ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ယခင်ကလို ငွေကြေးအကူအညီ ဆက်လက် ထောက်ပံ့ပေးသွားမည် မဟုတ်ကြောင်းကို ကိယက်ဗ်အား သတိပေးခဲ့ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
“မိမိအနေဖြင့် သမ္မတရာထူး ပထမသက်တမ်းကာလပြီးပြီးချင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက် အနိုင်ရခဲ့ပါက ယူကရိန်းတွင် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်လာမည်မဟုတ်ကြောင်းနှင့် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား ဟားမားစ်လက်နက်ကိုင်စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ကိစ္စများလည်း လုံးဝရှိလာမည်မဟုတ်ကြောင်း” ထရမ့် က ထပ်တလဲလဲ ပြောကြားခဲ့ပါသည်။
ကိုးကား-TASS