လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက အပြီးသတ် တိုက်ဖျက်မည်
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ဖျက်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်လျက်ရှိသည်။
တရုတ်နိုင်ငံသည် ဆိုးရွားသည့် လေထုညစ်ညမ်းခြင်းကို အဆုံးသတ်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းကို အပြီးသတ်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းသို့ကြိုးပမ်းရာတွင် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ လေထု၏ အရည်အသွေးကို တိုးမြှင့်နိုင်ရေးနှင့် ကြိုတင်သတိပေးစနစ်များ အသုံးပြုနိုင်ရေးတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။
တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုကို အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ ညစ်ညမ်းစေသည့် ဓာတ်ငွေ့များနှင့် အရာဝတ္ထုများကို ထုတ်လွှတ်ခြင်းဖြစ်သည်။ အဆိုပါညစ်ညမ်းမှုများတွင် ခန့်မှန်းခြေအားဖြင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းနှင့် အငွေ့ပြန်လွယ်သည့် အော်ဂဲနစ်ကွန်ပေါင်းများ၏ ၂၄ ရာခိုင်နှုန်းပါဝင်လျက်ရှိသည်။
တရုတ်အစိုးရသည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် ကမ္ဘာ့အကောင်းဆုံး လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုများနှင့် ကိုက်ညီမှုရှိသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုဆိုင်ရာ သတ်မှတ်ချက်အသစ်များကို ထုတ်ပြန်ရန်စီစဉ်လျက်ရှိသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်သည့် စွမ်းအင် အရင်းအမြစ်များကို အသုံးပြုသည့် မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများကို လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး စက်မှုဇုန်များတွင် တိုးမြှင့် အသုံးပြုမည်ဖြစ်သည်။
Source: Myawady Web Portal