မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ Ri Hi Yong အား ပူတင် လက်ခံတွေ့ဆုံ
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ Ri Hi Yong အား ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကရင်မလင်နန်းတော်၌ လက်ခံ တွေ့ဆုံခဲ့ ပါသည်။ ဤသည်မှာ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသည့် နည်းတူ ပြုံယမ်းသည် မော်စကိုအတွက် မည်မျှအရေးကြီးကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ရုရှားနှင့် မြောက်ကိုရီးယားတို့သည် အရေးပေါ်အခြေအနေများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ရေးဆိုင်ရာ အကူအညီ များအပါအဝင် အခြားအကူအညီများပေးရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးစာချုပ်ကို ယခင်နှစ်က ချုပ်ဆိုခဲ့ကြပြီး မြောက်ကိုရီးယားအနေဖြင့် ယူကရိန်းစစ်ပွဲအတွက် ရုရှားအားအထောက်အပံ့ဖြစ်စေရန် ၎င်း၏ တပ်ဖွဲ့များကို စေလွှတ်ပေးခဲ့သည်။ထို့အပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အား အာဏာရ ရုရှားညီညွတ်ရေးပါတီမှ အဆင့်မြင့်အရာရှိကြီးက မော်စကိုတွင် လက်ခံတွေ့ဆုံခဲ့ပြီး ယူကရိန်းဒေသ အထူးစစ်ဆင်ရေးတွင် ပြုံယမ်း၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄