ရုရှား-အမေရိကန် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ဆွေးနွေး

News Image

  • ရုရှား-အမေရိကန် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ဆွေးနွေး

ရုရှားနှင့်အမေရိကန်တို့သည် ၎င်းတို့၏ သံတမန်ရေးရာကိစ္စရပ်များ ပုံမှန်ပြန်လည် လည်ပတ်ရန် ၎င်းတို့ လုပ်ဆောင်ရမည့်ခြေလှမ်းများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တူရကီနိုင်ငံတွင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲအပြီး တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ပိုမိုနက်ရှိင်းလာခဲ့သော သံတမန်ရေးရာအကွဲအပြဲကို ကုစားရန်ကြိုးပမ်းနေစဉ် ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့က အစ္စတန်ဘူလ် ၌ တွေ့ဆုံခဲ့ကြပါသည်။

ဆွေးနွေးပွဲများသည် မော်စကိုရှိ အမေရိကန်သံရုံးနှင့် ဝါရှင်တန်ရှိ ရုရှား သံရုံးတို့တွင် ပုံမှန် လုပ်ငန်းဆောင်ရွက်မှုများ ပြန်လည်ရရှိရေးအပေါ် အဓိကဗဟိုပြုပြီး နှစ်ဘက်စလုံးက ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံစလုံးသည် လွန်ခဲ့သောနှစ်များက သံတမန်ရေးရာဝန်ထမ်းများကို ကန့်သတ်ခြင်း၊ ဘဏ်လုပ်ငန်းဝင်ရောက်ခွင့်အား ကန့်သတ်ခြင်းနှင့် သံတမန်ဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းအပါအဝင် တစ်ဖက်နှင့်တစ်ဖက် ကန့်သတ် ချက်များအပေါ် အချေတင်ဆွေးနွေးခဲ့ကြပြီး မော်စကိုက ၎င်း၏ ပိတ်ဆို့ အရေးယူမှုသည် ဝါရှင်တန်၏ လုပ်ဆောင်ချက်များအပေါ် တိုက်ရိုက် တုံ့ပြန်ခြင်းသာဖြစ်သည်ဟု ဆိုထားပါသည်။ 

ရုရှားကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မြောက်အတ္တလန္တိတ်ဌာန အကြီးအကဲ အလက်ဆန်ဒရာဒါချိဗ်က ဦးဆောင် ခဲ့ပြီး အမေရိကန်အဖွဲ့အား ရုရှားနှင့် ဗဟိုဥရောပဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆိုနာတာကုတလာက ဦးဆောင်ခဲ့ ပါသည်။

ဒါချိဗ်ကို မော်စကို၏ အမေရိကန်ဆိုင်ရာသံတမန်ဖြစ်လာရန် ရည်မှန်း ထားကြောင်း သိရှိရပြီး ဆွေးနွေးပွဲများအတွင်း ရာထူးခန့်အပ်ခြင်းအတွက် အမေရိကန်နှင့် သဘောတူညီချက်ရရှိထားကာ မကြာမီ ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ 

ဆွေးနွေးပွဲ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရုရှားသည် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုကို ပြန်လည်ထူထောင်ရန် အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် အမေရိကန်သည် ယူကရိန်းပဋိပက္ခ တင်းမာလာမှု အပေါ် တုံ့ပြန်သည့်အနေဖြင့် အခြားအနောက်နိုင်ငံများနှင့်အတူ ရုရှား လေကြောင်းလိုင်းများအား တိုက်ရိုက်ပျံသန်းခွင့်ကို ရပ်ဆိုင်းကာ လေကြောင်းနယ်နိမိတ်ကို ပိတ်ပင်ခဲ့သည်။ ထိုအချိန်မှစ၍ ခရီးသွား များသည် တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုကဲ့သို့သော ကြားနေနိုင်ငံများမှ လေကြောင်းလိုင်းများကို အသုံးပြုလာကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားကို “သီးခြားခွဲထုတ်ရန်” ကြိုးပမ်းမှုများအပါအဝင် ဘိုင်ဒင်၏ မူဝါဒများစွာမှ ရုန်းထွက်ရန် လုပ်ဆောင် လျက်ရှိပြီး ယူကရိန်းပဋိပက္ခကို လျင်မြန်စွာ အဆုံးသတ်နိုင်ရေး ကြိုးပမ်းနေသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂