သမ္မတယွန်းဆက်ယိုးလ်အား ဖမ်းဆီးထိန်းသိမ်းခြင်းကို ပယ်ဖျက်ရန် တောင်ကိုရီးယား တရားရုံးဆုံးဖြတ်

News Image

  • သမ္မတယွန်းဆက်ယိုးလ်အား ဖမ်းဆီးထိန်းသိမ်းခြင်းကို ပယ်ဖျက်ရန် တောင်ကိုရီးယား တရားရုံးဆုံးဖြတ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တရားရုံးသည် စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုးလ်သည် လွန်ခဲ့သောနှစ် ဒီဇင်ဘာလအတွင်းတွင် စစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် လွှတ်တော်အတွင်း စွပ်စွဲ ပြစ်တင်ခံရကာ ရာထူးမှ ဆိုင်းငံ့ခံထားရသူဖြစ်သည်။

လက်ရှိအချိန်တွင် ရာထူးမှဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်သည် တောင်ကိုရီးယားသမ္မတအဖြစ် ရာထူးတွင် ဆက်လက်ရှိ၊ မရှိဆိုသောအချက်ကို တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုးလ်၏ ရှေ့နေဖြစ်သူသည် ပြီးခဲ့သောလတွင် ၎င်းအား ဖမ်းဝရမ်းထုတ်ခြင်းကို ပယ်ဖျက်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းသည် တရားဥပဒေနှင့်မညီကြောင်း တရားရုံးတွင် လျှောက်ထားခဲ့သည်။ တောင်ကိုရီးယားတရားရုံးက “တရားခံကို ချုပ်နှောင်မှုကာလ ကုန်ဆုံးခဲ့ပြီဖြစ်ပြီး လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း သေချာစေရန်နှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များအပြင် တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ သံသယများကင်းရှင်းစေရေး ထိန်းသိမ်းခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းအေဂျင်စီကလည်းယွန်းဆက်ယိုးလ်ကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း အတည်ပြုထားသည်။ ၎င်း၏ ရှေ့နေဖြစ်သူက “တောင်ကိုရီးယားနိုင်ငံ ၏ တရားဥပဒေစိုးမိုးမှုများ ဆက်လက်ရှင်သန်နေသည်” ဟု ပြောသည်။

အာဏာရပါတီဖြစ်သော ပြည်သူ့အာဏာပါတီကလည်း ယွန်းဆက်ယိုးလ် ကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖျက်သိမ်းရန် ဆုံးဖြတ် ခဲ့သော တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ယွန်းဆက်ယိုးလ်က စစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် ၎င်းကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား အပြိုင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ယွန်းဆက်ယိုးလ်ကို စစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ ရှိလာခဲ့ပြီး တောင်ကိုရီးယားရဲတပ်ဖွဲ့က ဇန်နဝါရီ(၁၅)ရက်တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ကိုးကား-NP News