ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန်လိုအပ်ကြောင်း ဆော်ဒီမင်းသား အလေးပေးပြော
အစ္စရေးနှင့် ဟားမက်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်မည်ကို စိုးရိမ်နေသည့်အကြား ဆော်ဒီအာရေဗျ တော်ဝင် မိသားစုဝင်တစ်ဦးက ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားလိုက်ပါသည်။
ဆော်ဒီထောက်လှမ်းရေးအေဂျင်စီအား နှစ် ၂၀ ကျော်ကြာ ဦးဆောင်ခဲ့သည့် မင်းသား Turki Al-Faisal သည် NHK နှင့် မတ်လ ၆ ရက် (ကြာသပတေး)နေ့ တွေ့ဆုံမေးမြန်းမှု၌ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ အသက် ၈၀ အရွယ် မင်းသားသည် ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးဖော်ဆောင်လိုသည့် ဆန္ဒနှင့် ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump ပြောဆိုနေသည့် ဂါဇာကမ်းမြောင်နှင့်ပတ်သက်သော ၎င်း၏ အဆိုပြုချက်များသည် လူမျိုးတုံးသုတ်သင်မှုထက် မလျော့နည်းသည့်လုပ်ဆောင်မှုကို ဦးတည် နေသည့်အတွက် လုံးဝလက်မခံနိုင်ကြောင်း မင်းသားက ဆိုပါသည်။
Trump က အမေရိကန်မှ ဂါဇာကို ထိန်းချုပ်ပြီး အဆိုပါဒေသရှိ ဒေသခံ များကို အခြားနေရာ၌ ပြန်လည်နေရာချထားရေး အကြံပြုထားခြင်းဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးရရှိရန် အစ္စရေးအနေဖြင့် ပါလက်စတိုင်းနယ်မြေမှ တပ်များရုတ်သိမ်းရန်လိုအပ်ပြီး ပါလက်စတိုင်းနိုင်ငံထူထောင်နိုင်ရန် လိုအပ်ကြောင်း မင်းသားကအလေးပေးပြောကြားခဲ့သည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂