ရပ်ဆိုင်းထားသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများအား ယူကရိန်းသို့ ပြန်ပေးရန် ထရမ့်ဆုံးဖြတ်
အမေရိကန်နှင့် ယူကရိန်းတို့ကြား ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးနောက် အမေရိကန်က ရပ်ဆိုင်းထားသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများအား ယူကရိန်းသို့ပြန်လည်ပေးအပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့က ပြောသည်။
အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များသည် ဆော်ဒီအာရေဗျနိုင်ငံ ဂျေဒါမြို့၌ မတ်လ ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘာဝအရင်းအမြစ် ထုတ်ယူရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို မကြာမီ အပြီးသတ်ချမှတ်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း ယူကရိန်း သမ္မတဇီလန်စကီ၏ ဝက်ဆိုက်တွင် ဖော်ပြသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခကို ရက်ပေါင်း ၃၀ ကြာရပ်ဆိုင်းရန် အမေရိကန်၏ အဆိုပြုချက်ကို လက်ခံရန် အသင့်ရှိသည်ဟု ယူကရိန်းအစိုးရက အတည်ပြုထားကြောင်း သိရသည်။
ထို့ကြောင့် ယူကရိန်းနှင့်တွေ့ဆုံ ဆွေးနွေးမှုမှထွက်ပေါ်လာသည့် တိုးတက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက ရပ်ဆိုင်းထားသည့်စစ်ရေးနှင့် ထောက်လှမ်းရေးအကူအညီများကို ယူကရိန်းသို့ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်အစိုးရ အနေဖြင့် ယူကရိန်းနိုင်ငံတွင် ရေရှည်ငြိမ်းချမ်းရေး ရရှိစေရန် အလေးအနက်ထားသည်ဟု ဒေါ်နယ်ထရမ့်က ဇီလန်စကီအား ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://myawady.net.mm/