မြန်မာ့အရေးတွင် ဝင်စွက်ဖက်သော မီဇိုရမ်ဝန်ကြီးချုပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ အကြောင်းပြချက်ပေးသောစကားမှာ မမှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးငြင်းပယ်
မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့သော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ၏လုပ်ရပ်နှင့်ပတ်သက်၍ အကြောင်းပြချက်ပေးသော စကားမှာ မမှန်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal က အဆိုပါဝန်ကြီးဌာန၏ မတ်လ ၇ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့တွင် ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) တို့ ပေါင်းစည်းခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြုအမူနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်း ညီညွတ် စေရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ် ပြည်နယ်မှ လွှတ်တော်အမတ် Lalmuanpuia Punte က အိန္ဒိယနိုင်ငံမှ မီဒီယာအချို့ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် The WEEK မီဒီယာမှ သတင်းထောက်က အထက်ပါ မီဇိုရမ်ပြည်နယ် လွှတ်တော် အမတ်၏ စကားအပေါ် တုံ့ပြန်ချက်ပေးရန် မေးမြန်းခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်တွင်ဖြစ်ပေါ်နေသော အခြေအနေများကို သတင်းများ ရရှိထားကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်သော အိန္ဒိယ၏ သဘောထားကို ကောင်းစွာရှင်းရှင်းလင်းလင်း သိစေပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal က ဆိုသည်။
“နိုင်ငံခြားရေးရာ မူဝါဒကိစ္စတွေနှင့် ပတ်သက်လာပါက အဆိုပါ ကိစ္စများသည် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်နယ်ပယ်တွင် ပါဝင်မှု မရှိကြောင်း ထပ်လောင်းပြောချင်ပါသည်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကိုးကား-NP News