အမေရိကန်နှင့် ရုရှားတို့ကြား ဆက်ဆံရေးနောက်တစ်ဆင့် ထပ်မံတက်လှမ်းရန် ရူဘီယိုနှင့် လက်ရော့ဆွေးနွေး
ဝါရှင်တန်၊ နိုင်ငံရေး
အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးပြန်လည်တည်ထောင်ရန်အတွက်နောက်တစ်ဆင့်ထပ်မံတက်လှမ်းရေးနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယိုက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရူဘီယိုသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့နှင့် မတ်လ ၁၅ ရက်တွင် ဖုန်းမှတစ်ဆင့် ဆက်သွယ်၍ နှစ်နိုင်ငံကြားတိုက်ရိုက်ဆက်သွယ်ရေး ပြန်လည်တည်ဆောက်ရန် ဆွေးနွေးခြင်းဖြစ်ပြီးအဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးပြန်လည်တည်ထောင်ရန်နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။
နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးများ၏ဆွေးနွေးမှုသည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြားဆက်ဆံရေးကိုပြန်လည်တည်ထောင်ရေးနှင့် ယူကရိန်းနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေး ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ရူဘီယိုနှင့်လက်ရော့တို့ကြား ဆွေးနွေးမှုအတွင်းပြောကြားခဲ့သည့် အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
သို့သော် အဆိုပါဆွေးနွေးမှုအတွင်း ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များအပေါ် အမေရိကန်က လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အဆိုပါသူပုန်အဖွဲ့အား ပင်လယ်နီအတွင်းအမေရိကန်က ဆက်လက်တိုက်ခိုက်မည့်အစီအစဉ်များကိုလည်း ရူဘီယိုက လက်ရော့အား အကျဉ်းချုပ်ပြောကြားခဲ့ကြောင်းသိရသည်။
Ref:RT
Source: https://myawady.net.mm/