ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်း (ဆောင်း) သီးနှံ ရိတ်သိမ်းမှုနှင့် ဈေးကွက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ပဲတီစိမ်းသီးနှံကို ကျောက်ဆည်မြို့နယ်တွင် ဧက ၂၄၈၀ စိုက်ပျိုးခဲ့ပြီး ၈၉၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲတီစိမ်း(ဆောင်း) သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲတီစိမ်းများ ရိတ်သိမ်းလျက်ရှိကြောင်း၊ မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သုံးသိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂-၁၃ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲစိုက်တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကာ အကျိုးအမြတ်များရရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ