ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ ဩဂုတ်-၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည် ဝါသီးနှံများကို မိုးကြို၊ မိုးနှောင်း ရာသီများတွင်  စိုက်ပျိုးကြကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌ ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါသီးနှံများကို သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း နှင့် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများမှ ကျေးရွာအုပ်စုများတွင် အများဆုံး စိုက်ပျိုးကြပြီး သင်္ဂတုံကျေးရွာအုပ်စု၌(၂၃)ဧက၊ ကလေးကျေးရွာအုပ်စု၌(၁၈)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စု၌ (၄၇၅)ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စု၌(၁၀)၊ ရဲဘော်ကြီးကျေးရွာအုပ်စု၌(၅၀၂)ဧက၊ ရဲယမန်းကျေးရွာ အုပ်စု၌(၉၄၆)ဧက၊ ပေါင်လောင် ကျေးရွာအုပ်စု၌(၃၁၀)ဧက၊ တောင်တော်ကျေးရွာအုပ်စု၌(၄၃၁)ဧက၊ ကင်းကျေးရွာအုပ်စု၌(၃၄၅)ဧက စိုက်ပျိုး ပြီးကြောင်းသိရှိရပြီး ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် B-31 ဝါမျိုးများ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။ 

ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဌာနဆိုင်ရာတာဝန်ရှိသူများမှ အပင်ပေါက်ချိန်မှ ရက်ပေါင်း(၃၀) အတွင်း တစ်ကျင်း(၂)ပင်ချန်စနစ်ဖြင့်သားခွဲစေခြင်း၊ အပိန့်စဝင်ချိန်နှင့်ပန်းပွင့်ချိန်၌ ယူရီးယားအိပ်တစ်ဝက်နှင့် ကွန်ပေါင်း မြေဩဇာအိပ်တစ်ဝက်ရောစပ်၍ သွင်းအားစုထည့်ပြီးရေသွင်းခြင်း၊ ရက်ပေါင်း(၅၀)ကျော်တွင် ပိုးမွှား ကျရောက်မှု အား စောင့်ကြည့်မှတ်တမ်းယူပြီး ကာကွယ်နှိမ်နင်းခြင်း၊ ပန်းပွင့်ဖြိုင်ချိန်၌ ရေသွင်းခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေရေးနှင့်  ဝါကောက်သိမ်းသိုလှောင်နည်းများကို စနစ်တကျ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)