ပူတင်က ထရမ့်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ BRICS မိတ်ဖက်များအား ရှင်းလင်းပြောကြား
(အင်ဒီပင်းဒင့်၊ ဩဂုတ် ၁၉)
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိကမှ ခေါင်းဆောင်များကို အမေရိကန်အကောက်အခွန်နှုန်းထားများနှင့် ဆက်စပ်၍ BRICS ၏ အဓိက ရင်ဆိုင်နေရသည့် စီးပွားရေးဆိုင်ရာအကြပ်အတည်းများအပေါ် ၎င်းနှင့်ဒေါ်နယ်ထရမ့်တို့ အလက်စကာတွင် ထိပ်သီး တွေ့ဆုံခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားလိုက်ပါကြောင်း ဩဂုတ်လ ၁၉ ရက်နေ့ အင်ဒီပင်းဒင့် သတင်းစာတွင် ဖော်ပြပါရှိပါသည်။
သောကြာနေ့(ဩဂုတ် ၁၅)က အမေရိကန်သမ္မတနှင့် တွေ့ဆုံခဲ့သည့် ရလဒ်များကို မစ္စတာပူတင်မှ တနင်္လာနေ့ (ဩဂုတ် ၁၈) က အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီသို့ ပြောကြားလိုက်သည်ဟု ကရင်မလင် က ဆိုပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် “ယူကရိန်း ပဋိပက္ခအပေါ် ရေရှည် ဖြေရှင်း ဆောင်ရွက် ရမည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း” ကရင်မလင်က ပြောကြားခဲ့ပြီး၊ ဆက်လက် ဆွေးနွေးကြရန်လည်း သဘောတူခဲ့ကြပါသည်။
မစ္စတာမိုဒီက မစ္စတာပူတင်ကို ၎င်း၏ “မိတ်ဆွေ”ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အလက်စကာတွင် သမ္မတ ထရမ့်နှင့် မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့သည့် အတွင်းကျကျ သတင်းများကို မျှဝေ ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းပြောပါသည်။
“အိန္ဒိယသည် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် စဉ်ဆက်မပြတ် တောင်းဆို လျက်ရှိသည့်အပြင်၊ ယင်းအတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံပါကြောင်း၊ ယင်းသို့ ဖြစ်လာမည့် နေရက်ကိုလည်း မိမိအနေဖြင့် စောင့်စားလျက်ရှိပါကြောင်း” တနင်္လာနေ့ (ဩဂုတ် ၁၈) ညနေပိုင်း တွင် မိုဒီက ၎င်း၏ X ဆိုရှယ် မီဒီယာတွင် ရေးသားဖော်ပြခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် ယူကရိန်းနှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း ရုရှားနိုင်ငံမှ စွမ်းအင်များ ဆက်လက် တင်သွင်းနေခြင်းအပေါ် ထရမ့်အစိုးရ၏ ဖိအားပေးမှုကို ထူးထူးကဲကဲခံစားနေရပါသည်။ မစ္စတာ ထရမ့်က အိန္ဒိယ၏ အမေရိကန်သို့ ပို့ကုန်များအပေါ် အခွန်နှစ်ဆတိုး၍ ကောက်ခံလိုက်ပြီး လာမည့် ရက်သတ္တပတ်တွင် ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားလိမ့်မည် ဖြစ်ပါသည်။
မစ္စတာပူတင်သည် အိန္ဒိယနိုင်ငံပြီးလျှင် အကောက်အခွန်နှုန်းထား ၅၀ ရာခိုင်နှုန်းနှင့် ရင်ဆိုင် နေရသည့် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘရာဇီး၏ Luiz Inacio Lula da Silva ကိုလည်း တနင်္လာနေ့ (ဩဂုတ် ၁၈) က မိနစ် ၃၀ ကြာ ဖုန်းဆက်သွယ်ပြောကြားခဲ့ပါသည်။ မစ္စတာ လူလာက ရုရှားသမ္မတ နှင့် အလက်စကာ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြောကြားခဲ့ကြကြောင်း အတည်ပြု ပြောကြားပါသည်။ မစ္စတာပူတင်နှင့် ဆွေးနွေးရာတွင် “အပြုသဘောဆောင်ကြောင်း”နှင့် “ဘရာဇီး ၏ အဖွဲ့အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် ဘရာဇီးနိုင်ငံ၏ ပါဝင်ပတ်သက်မှုများကို အသိ အမှတ်ပြုကြောင်း” ယူကရိန်းအကျပ်အတည်းအတွက် ပြေလည်မှုရှာဖွေရန် ရုရှား၏ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံတစ်ခုဖြစ်သည့် တရုတ်အပါအဝင် ကြားနေနိုင်ငံဟု ယူဆရသည့် နိုင်ငံများကို ထည့်သွင်းရန် အစပျိုးမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟု ဆိုပါသည်။ “ဘရာဇီးနိုင်ငံ၏ ရုရှားနှင့် ယူကရိန်း ပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာရေး ကြိုးပမ်းဆောင်ရွက်ချက်ကို သမ္မတ လူလာက အတည်ပြုပြောကြားပါကြောင်း” ထပ်လောင်း ဖော်ပြထားပါသည်။
တောင်အာဖရိက သမ္မတ Cyril Ramaphosa က မစ္စတာထရမ့် နှင့်တွေ့ဆုံမှုအပေါ် "ကျေနပ် အားရမှု" ထုတ်ဖော်ခဲ့ပြီး "ထာဝရငြိမ်းချမ်းရေးအတွက် အဓိကကိစ္စရပ်များအပေါ် အပေးအယူ လုပ်ရန်" တိုက်တွန်းခဲ့သည်။ ကရင်မလင်က မစ္စတာရမ်မာဖိုစာက ယူကရိန်း အရေး “သံတမန် နည်းလမ်း ကျကျ ဆောင်ရွက်ခဲ့ခြင်းကို ထောက်ခံကြောင်း” ပြောကြားသည် ဟု ဆိုပါသည်။
မစ္စတာပူတင်သည် မစ္စတာ မိုဒီ၊ မစ္စတာ လူလာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် မစ္စတာ ထရမ့်နှင့် ရုရှားသမ္မတတို့ တွေ့ဆုံရန် ကြေညာပြီးချိန်တွင် ယခုလ အစောပိုင်းက တွေ့ဆုံခဲ့ပါသည်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် တရုတ်တို့သည် BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး၊ အနောက်နိုင်ငံများနှင့် စီးပွားရေးနှင့် နိုင်ငံရေးအရ အားပြိုင်နေသော အုပ်စု ဖြစ်ပါသည်။
ထရမ့်နှင့်ပူတင်တို့၏ တွေ့ဆုံမှုသည် သုံးနာရီသာကြာမြင့်သော်လည်း ခေါင်းဆောင် နှစ်ဦးအကြား အရှည်ကြာဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည့်အပြင် နှစ်ဖက်စလုံးက “အကျိုးဖြစ်ထွန်းမှု” ရှိခဲ့ သော်လည်း ယူကရိန်းပဋိပက္ခ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်နိုင်မှု မရှိခဲ့ပေ။
ဝါရှင်တန်နှင့် BRICS အကြား မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကုန်သွယ်ရေး အခွန်နှုန်း ထားများ မြင့်တင်လာသည့် တင်းမာမှုများ မြင့်မားလာခဲ့သည်။ အိန္ဒိယနှင့် ဘရာဇီးသည် အထွတ် အထိပ်အထိ အခွန် ၅၀ ရာခိုင်နှုန်းနှင့် ရင်ဆိုင်ရသော်လည်း တောင်အာဖရိကသည် ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုဒဏ်ကို ခံခဲ့ရသည်။ ယာယီကုန်သွယ်ခွန်နှုန်းထား ယာယီဆိုင်းငံ့ထားသဖြင့် တရုတ် နိုင်ငံသည် လက်ရှိတွင် အကောက်ခွန် ၃၀ ရာခိုင်နှုန်းဖြင့်သာ ရင်ဆိုင်နေရပြီး ညှိနှိုင်းမှု မအောင်မြင် ပါက နောက်ထပ်တိုးလာမည့် အန္တရာယ်ရှိသည်။
ကိုးကား- The Independent
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂