တရုတ်က ဓာတ်မြေဩဇာ၊ မြေရှားသတ္တုနှင့် ဥမင်တူးစက်များကို အိန္ဒိယသို့ ထောက်ပံ့ရန် အဆင်သင့် ဖြစ်နေ

News Image

  • တရုတ်က ဓာတ်မြေဩဇာ၊ မြေရှားသတ္တုနှင့် ဥမင်တူးစက်များကို အိန္ဒိယသို့ ထောက်ပံ့ရန် အဆင်သင့် ဖြစ်နေ

နယူးဒေလီ (ဩဂုတ် ၁၉)         

တနင်္လာနေ့ ( ဩဂုတ် ၁၈) က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အလည် အပတ် ရောက်ရှိနေစဉ်အတွင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ် ဂျေရှန်ကာနှင့် တွေ့ဆုံခဲ့ ကာ အိန္ဒိယနှင့် တရုတ်တို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အပြုသဘောဆောင်သော ရလဒ်များ ထွက်ပေါ်လာခဲ့ကာ၊ နှစ်နိုင်ငံ အနာဂတ်ဆက်ဆံရေး ပုံမှန်ပြန်လည် ဖြစ်ပေါ်လာရန် အိန္ဒိယနိုင်ငံအဓိက လိုအပ်လျက် ရှိသော ဓာတ်မြေဩဇာ၊ မြေရှားသတ္တုနှင့် ဥမင်တူးစက်များ ပေးပို့ရေးတို့ကို ပြန်လည်စတင်မည် ဖြစ်ကြောင်း ဩဂုတ်လ ၁၉ ရက်နေ့ ထုတ် ဟိန္ဒူစတန် တိုင်းမ် သတင်းစာတွင် ဖော်ပြပါရှိပါသည်။

ပြည်ပရေးရာဝန်ကြီး ဂျေရှန်ကာသည် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နှင့် နိုက်ထရိုဂျင်နှင့် ဖော့စပရပ် ပါဝင်မှုနှုန်းမြင့်မားသည့် ဓာတ်မြေဩဇာ၊ မြေရှားသတ္တုနှင့် ဥမင်တူးစက်များ ပံ့ပိုးပေးရေးအတွက် ယခင်လက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့စဉ် ဝန်ကြီး ဝမ်ရိနှင့် ဆွေးနွေးခဲ့ပါသည်။  သို့ရာတွင် နယ်စပ်ရေးရာကိစ္စများတွင် ဂျေရှန်ကာနှင့် ဆွေးနွေးခဲ့ခြင်း မရှိခဲ့သော်လည်း အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ် ဒိုဗယ်နှင့် ယနေ့ကျင်းပသည့် အထူးကိုယ်စားလှယ်များအစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြပါသည်။  ဝမ်ရိ သည် ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီနှင့် ယနေ့ (ဩဂုတ် ၁၉)ညနေပိုင်းတွင် တွေ့ဆုံရန် ရှိပါသည်။

ပြည်ပရေးရာဝန်ကြီး ဂျေရှန်ကာက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယနိုင်ငံ၏ တိုင်ဝမ်အပေါ် ရပ်တည်ချက်မှာ မပြောင်းလဲပါကြောင်း၊ ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် စီးပွားရေးနှင့် ယဉ်ကျေးမှုအရ ဆက်ဆံရေးများကို ထိန်းသိမ်းထားပါကြောင်း ပြောကြားပါသည်။

တွေ့ဆုံပွဲတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရေးကိစ္စ များမှာ အစည်းအဝေးတွင် နေရာယူခဲ့ပြီး နှစ်ဖက်စလုံးက ဝါရှင်တန်၏ တည်ဆဲမူဝါဒများအရ ပိုမို နီးကပ်စွာ တည်ရှိရန်ကို သဘောတူခဲ့ကြပါသည်။

ယေဘုယျအားဖြင့် အမေရိကန်၏ မူဝါဒများနှင့် ဆုံးဖြတ်ချက်များသည် အိန္ဒိယနှင့် တရုတ် နှစ်ဖက် စလုံးကို ပစ်မှတ်ထားမည်ဖြစ်ပြီး မသေချာမရေရာမှုများကို ကျော်လွှားနိုင်ရန်အတွက် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်သည်ဟု ယုံကြည်ကြပါသည်။

အန္ဒိယနိုင်ငံမှ တစ်နှစ်ခန့် တင်သွင်းမှု ရပ်နားထားသည့် ဓာတ်မြေဩဇာ၊ ဥမင်တူးစက်၊ မြေရှားသတ္တု တို့ကို တရုတ်မှ ပြန်လည်ပေးပို့ရန် သဘောတူညီခဲ့ခြင်းသည် ကြီးမားသော တိုးတက်မှု ဖြစ်ပါ သည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာ၊ မော်တော်ယာဉ် အစိတ်အပိုင်းများအတွက် မြေရှားသတ္တုနှင့် လမ်းများနှင့် မြို့ပြဖွံ့ဖြိုးရေး အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ပါသည့် ဥမင်တူးစက်၏ ၃၀ ရာခိုင်နှုန်းကို ပံ့ပိုးလျက်ရှိပါသည်။ ဂျေရန်ကာ-ဝမ်ရိတွေ့ဆုံရာတွင် နယ်စပ်ရေး ဆွေးနွေးခဲ့ခြင်းမရှိပြီး၊ ထိရှလွယ်သော ကိစ္စရပ်များကို အမျိုးသားလုံခြုံရေးအကြံပေး အာဂျစ် ဒိုဗယ်နှင့် ဆွေးနွေးခဲ့ပြီး အမှန်တကယ်ထိန်းချုပ်သည့် နယ်စပ်မျဉ်း ၃၄၈၈ ကီလို မီတာ အတွင်း တင်းမာမှု လျော့ချရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပါသည်။ 

လာဒက်တွင် အိန္ဒိယနှင့်တရုတ် တပ်မတော်များ နယ်စပ်ပွတ်တိုက်မှုနှင့် ကင်းလှည့်နေမှုများ ရှိနေပြီး ယင်းတို့ကို လျော့ချရန်နှင့် တပ်ဖွဲ့ဝင်များအား ဘားတိုက်သို့ ပြန်ပို့ရေးကိစ္စများကို အထူးကိုယ်စားလှယ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပါသည်။

ကိုးကား - Hindustan Times

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂