USAID ဖျက်သိမ်းရေး DOGE ကြိုးပမ်းနေခြင်းကို ရပ်တန့်ရန် အမေရိကန် ဖယ်ဒရယ်တရားရုံး၏ တရားသူကြီး တားမြစ်မိန့်ထုတ်ပြန်

News Image

  • USAID ဖျက်သိမ်းရေး DOGE ကြိုးပမ်းနေခြင်းကို ရပ်တန့်ရန် အမေရိကန် ဖယ်ဒရယ်တရားရုံး၏ တရားသူကြီး တားမြစ်မိန့်ထုတ်ပြန်

အမေရိကန်သမ္မတ Donald Trump ဦးဆောင်သည့် အစိုးရအနေဖြင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းရန်အတွက် ထပ်မံကြိုးပမ်းနေခြင်းကိုရပ်တန့်ရန် ဖက်ဒရယ်တရားရုံး တစ်ရုံးက အမိန့်ချမှတ်လိုက်ပါသည်။

Maryland ပြည်နယ်မှ တရားရုံးသည် မတ်လ ၁၈ ရက်တွင် ပဏာမ တားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ကြောင်း Associated Press နှင့် အခြားမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

USAID ကို အစိုးရစွမ်းဆောင်ရည်စစ်ဆေးရေးအဖွဲ့ (DOGE) က ဖျက်သိမ်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်နိုင်သည် ဟု တရားသူကြီးကဆုံးဖြတ်ခဲ့ပါသည်။

Elon Musk ဦးဆောင်သော DOGE သည် USAID ၏ အစီအစဉ်များစွာကို ရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းအင်အား လျှော့ချရေးကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဝန်ထမ်းအများအပြားကို အလုပ်မှအနားပေးခဲ့သည်။

လွှတ်တော်က ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို ဖျက်သိမ်းသင့်/ မသင့်၊ မည်သည့်အချိန်၌ ဖျက်သိမ်းသင့်သည်၊ မည်ကဲ့သို့ဖျက်သိမ်းမည် စသည်တို့နှင့်ပတ်သက်၍ ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်အမတ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာကို DOGE နှင့် Elon Musk က ဖယ်ရှားခဲ့သည်ဟု အဆိုပါ တရားသူကြီးက ဆိုပါသည်။

နိုင်ငံတကာထောက်ပံ့ရေးအစီအစဉ်များကိုကြီးကြပ်သည့် ၎င်းအေဂျင်စီကို ဖြိုခွင်းရန် Musk နှင့် DOGE တွင် အခွင့်အာဏာမရှိကြောင်း USAID ဝန်ထမ်းများနှင့် အခြားသူများက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

စီရင်ချက်ချသည့် မတ်လ ၁၈ ရက်နေ့၌ပင် သမ္မတ Trump က အယူခံ ဝင်မည့်ကိစ္စအတွက် အမြန်ဆုံးဆောင်ရွက်သွားမည်ဟု FOX News သို့ ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂