အမေရိကန်-ရုရှား သဘောတူညီချက်နှင့်အညီ ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်ခဲ့
ရုရှားသမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့အကြား သဘောတူညီချက်အရ ရုရှားနှင့်ယူကရိန်းတို့သည် စစ်သုံ့ပန်း အရေအတွက် ရာနှင့်ချီကာ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ရုရှားသည် ယူကရိန်းစစ်သုံ့ပန်း ၁၇၅ ဦးနှင့် အရေးပေါ်ဆေးကုသရန် လိုအပ်နေသော ပြင်းထန်ဒဏ်ရာရရှိထားသူ စစ်သည် ၂၂ ဦးကို လွှဲပြောင်းပေးခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။
အပြန်အလှန်အားဖြင့် ရုရှားစစ်မှုထမ်း ၁၇၅ ဦးကို ယူကရိန်းက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။
Putin နှင့် Trump တို့ မတ်လ ၁၈ ရက်နေ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှု၌ အဆိုပါလဲလှယ်မှုများအတွက် ဆွေးနွေးကာ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
ယူကရိန်းခေါင်းဆောင် ဇီလန်စကီးကလည်း ယင်းကဲ့သို့လဲလှယ်မှုကို ထောက်ခံအတည်ပြုခဲ့ကာ အပြန်အလှန်လဲလှယ်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂