အမြန်လမ်း ၁၆၅ မိုင်အနီးရှိ ဆွာချောင်းတံတားပေါ်မှ တန် ၂၀ မော်တော်ယာဉ်ကြီးများ ဧပြီ ၉ ရက်နေ့မှစတင်၍ ဖြတ်သန်းသွားလာနိုင်တော့မည်

News Image

  • အမြန်လမ်း ၁၆၅ မိုင်အနီးရှိ ဆွာချောင်းတံတားပေါ်မှ တန် ၂၀ မော်တော်ယာဉ်ကြီးများ ဧပြီ ၉ ရက်နေ့မှစတင်၍ ဖြတ်သန်းသွားလာနိုင်တော့မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင်၁ ဖာလုံနှင့် ၁၆၅ မိုင် ၃ ဖာလုံကြားရှိ ဆွာချောင်းတံတားပေါ်မှ လက်ရှိတွင် ၅ တန်အောက် ယာဉ်များသာ သွားလာနိုင်သေးသော်လည်း ဧပြီ ၉ ရက်နေ့မှ စတင်၍ တန် ၂၀ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ဆွာချောင်းတံတားသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းမြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ ဆွာချောင်းတံတား အသွားလမ်း ပေ (၈၁၀) ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ ၂ လွှာ ၁ ထပ် ယာယီဘေလီတံတား ပေ (၁၉၀) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပေ (၄၀) ၃ လွှာ ၃ ထပ် ဘေလီငြမ်းထောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက ဧပြီ ၇ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် ကနဦးစာရင်းများအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေးကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၀၀၊ အခြားအဆောက်အဦ ၂၈၉ ခု၊ လူနေအဆောက်အဦ ၁၇၃၆ လုံးနှင့် လမ်းတံတား အချို့ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရရှိသူ ၂၃၄ ဦး ရှိကြောင်းလည်း သိရသည်။

ကိုးကား-MHT