ဟောင်ကောင်တွင် ဝီဖာမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ရာပေါင်းများစွာနှင့် သယ်ယူပို့ဆောင်ရေး စနစ်များရပ်ဆိုင်းသွား
တရုတ်နိုင်ငံ ဟောင်ကောင် အထူးဒေသကြီးတွင် ဇူလိုင်လ ၂၀ ရက်တွင် အင်အားပြင်း ဝီဖာတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ရာပေါင်းများစွာနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်က တစ်နာရီလျှင် ၁၆၇ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းတိုက်ခတ်မှုအတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ပျက်စီးခဲ့ရသည့်အပြင် လေကြောင်း ခရီးစဉ် ၄၀၀ ခန့်ကို အာဏာပိုင်များက ရပ်ဆိုင်းခဲ့ရသည်။ မုန်တိုင်းကြောင့် သစ်ပင် ၄၀၀ ကျော် လဲပြိုခဲ့ရကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၂၆ ဦးဒဏ်ရာရရှိပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ကို ယာယီခိုနားဆောင်များသို့ ပို့ဆောင်ပေးခဲ့ရသည်။ ဝီဖာမုန်တိုင်းသည် နောက်ပိုင်းတွင် တရုတ်ပြည်မကြီး ကွမ်းတုန်းပြည်နယ်ရှိ ကျူဟိုင် နှင့် ကျန်ကျန်းမြို့အတွင်းသို့ ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက သတိ ပေးထားကြောင်း သိရသည်။
MWD Web Portal