တိုင်ဖွန်း ဝီဖာကြောင့်ဖြစ်ပေါ်လာသည့် မိုးသည်းထန်စွာ ရွာသွန်းမှု များ ကြောင့် မြစ်ရေများ ကြီးမြင့်လာကာ ဖိလစ်ပိုင်နိုင်ငံ၏ ဒေသများစွာတွင် ပြင်းထန်သော ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း သောင်းချီကာ ရွှေ့ပြောင်းခိုလှုံခဲ့ကြရသည်။ဇူလိုင်လ ၂၁ ရက် ညပိုင်းက ရွာသွန်းခဲ့သည့် မိုးသည်းထန်မှုကြောင့် ဖိလစ်ပိုင်၏မြို့တော် မနီလာရှိ Marikina မြစ်ရေများ မြင့်တက်လာခဲ့ ခြင်းကြောင့် မြစ်ကမ်းပါးတစ်လျှောက်နေထိုင်သူ ၂၃,၀၀၀ ကျော်ကိုရွှေ့ပြောင်းခိုင်းခဲ့ရပြီး မြို့နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ်များရှိ ကျောင်းများ နှင့် အစိုးရရုံးများကို ပိတ်ထားခဲ့ရသည်။Marikina ဘေးအန္တရာယ် ကယ်ဆယ်ရေးရုံး၏ အရာရှိ Wilmer Tan က Quezon City နှင့် Caloocan ရှိ အနိမ့်ပိုင်း ဒေသများတွင် နေထိုင်သူ ၂၅,၀၀၀ ကျော်ကိုလည်း မြစ်ရေများ ၁၈ မီတာအထိ မြင့်တက်လာသည့်အတွက် ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။ဇူလိုင် ၁၈ ရက်က ဖိလစ်ပိုင်နိုင်ငံအနီးဖြတ်ကျော်ခဲ့သည့် တိုင်ဖွန်း ဝီဖာကြောင့် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး သုံးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲမှုကောင်စီ (NDRRMC) က ထုတ်ပြန်ခဲ့သည်။ဖိလစ်ပိုင်နိုင်ငံသို့ နှစ်စဉ် ပျမ်းမျှ တိုင်ဖွန်း (သို့) စူပါတိုင်ဖွန်း ၂၀ ခန့် ဝင်ရောက်လေ့ရှိပြီး ဒေသများစွာကို ပျက်စီးစေကာ နိုင်ငံသားများ၏ နေထိုင်မှုဘဝများကို ထိခိုက်စေလေ့ရှိပါသည်။ကိုးကား- VN Expressဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂
Tue, 22-Jul-2025