နေပြည်တော်ရှိ ရုံးအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်ပြီးမှသာ ဆောင်ရွက်မည်

News Image

  • နေပြည်တော်ရှိ ရုံးအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်ပြီးမှသာ ဆောင်ရွက်မည်

နေပြည်တော်ရှိ ရုံးအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှုဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဧပြီလ၁၈ရက်)က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရရုံးဌာနများနှင့် ပတ်သက်၍ နေပြည်တော်တွင် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများအနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် ရုံးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက်အအုံများကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားရန်လည်း လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည်တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေပြီး ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့် နိုင်ငံများမှ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရုံးဌာနအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနည်းငယ်သာထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို ဦးစားပေးအနေဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အင်ဂျင်နီယာများက စမ်းသပ်ပြီးမှသာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌ ကဆိုသည်။
ထိုသို့ ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရစ်ချ်တာစကေး (၈) အထိခံနိုင်သည့် အဆောက်အအုံများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ကိုးကား-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး