နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ရန် ကြေညာ

News Image

  • နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ရန် ကြေညာ

နေပြည်တော် တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ရန် ကြေညာထားကြောင်း သိရသည်။

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင်ပါဝင်သည့် ရုံး/ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ အပါအဝင် အခြား အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါကြောင်း အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်သည်။

နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင်ပါဝင်သည့် ရုံး/ဌာနအဆောက်အဦများ၊ အထူးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ အပါအဝင် အခြားအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ အနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူးနှင့် ဒုတိယဌာနမှူး တို့မှတစ်ဆင့် နေပြည်တော် စည်ပင်ယာယာရေးကော်မတီသို့ ဆက်သွယ်ရန် အကြောင်းကြားထားကြောင်း သိရသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦ၊ အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦ၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျပျက်စီးခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအဆောက်အဦ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးအဆောက်အဦ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် အဆောက်အဦများအပါအဝင် ဝန်ထမ်းအိမ်ရာများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြန်လည် တည်ဆောက်ရာတွင် ရေရှည်ကိုမျှော်တွေးပြီး ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများအနေဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ဒီဇိုင်းများအတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့မှုများအပေါ် ပြန်လည်စိစစ်ဆောင်ရွက်သွားရန် လိုကြောင်း ဧပြီ ၁၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဧပြီ ၂၄ ရက် ကနဦးစာရင်းများအရ လူနေအိမ် ၆၃,၈၅၄ လုံး၊ စာသင်ကျောင်း ၆,၇၅၂ ကျောင်း ၊ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်း ၅,၄၇၄ ကျောင်း၊ စေတီပုထိုး ၅,၃၄၂ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန် လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု ၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးဆုံးရှုံးမှုများကိုလည်း ကာလတို၊ ကာလလတ်၊ ကာလရှည် ခွဲခြားလျက် အဆင့်လိုက်ပြီးစီးရေး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

ကိုးကား-news-eleven.com