ကမ္ဘာ့အသေးဆုံးခွေးနှင့် အရပ်အရှည်ဆုံးခွေး တွေ့ဆုံကြ
ခွေးသည် လူနှင့်အရင်းနှီးဆုံးသတ္တဝါဖြစ်ပါသည်။ မျိုးစိတ်၊ စားသောက် နေထိုင်ပုံတို့ကြောင့် ပုခြင်း၊ ရှည်ခြင်း၊ သေးခြင်း၊ ကြီးခြင်း ကွဲပြားကြပါသည်။
ခွေးနှစ်ကောင် လမ်းလျှောက်နေစဉ်မှာ ၉.၁၄ စင်တီမီတာ (၃.၆ လက်မ) အရပ်အမြင့်ရှိ ချီဝှါဝှါ မျိုးစိတ် ခွေးပေါက်စလေး Pearl သည် ၁.၀၀၇ မီတာ (၃ ပေ ၄ လက်မ) အရပ်ရှည်သည့် Great Dane ခွေးကြီး Reggie ၏ ခြေဖဝါးအထက်စွန်းကိုတောင် မမီဘဲ အတူတူ လျှောက်သွားနေကြသည်မှာ ခွေးချစ်သူများအတွက် ချစ်စရာကောင်းပြီး အသည်းယားစရာ ဖြစ်နေပါသည်။
ကမ္ဘာ့ဂရင်းနစ်စံချိန်အရ Pearl သည်ကမ္ဘာ့အသေးဆုံးခွေးဖြစ်ပြီး Reggie မှာ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးဖြစ်နေပါသည်။ အဆိုပါခွေး ၂ ကောင် အရပ် ကွာခြားချက်မှာ ၉၁.၅၆ စင်တီမီတာ (၃ ပေ) ရှိသော်လည်း ယခုလ အစောပိုင်းက Idaho မှာ ပထမဆုံးတွေ့ဆုံချိန်မှာ ၎င်းတို့မှာ ပျော်ရွှင်စွာ အတူတကွ ပျော်ပါးဆော့ကစားခဲ့ကြပါသည်။
Pearl နှင့် သူမ၏ ပိုင်ရှင် Vanesa Semler တို့သည် ၎င်းတို့နေထိုင်ရာ Florida မှ Idaho အထိ ခရီးသွားကြပြီး Reggie နှင့် ၎င်း၏ပိုင်ရှင် Sam Johnson Reiss တို့ကို တွေ့ဆုံခဲ့ကြပါသည်။
အဆိုပါ ခွေးနှစ်ကောင် ပထမဆုံးတွေ့ကြသည့်အခါ Pearl မှာ ပိုင်ရှင်၏ လက်ထဲမှာပဲ လုံခြုံစွာ ငြိမ်ကုတ်နေပြီး Reggie က နူးညံ့စွာ နှုတ်ဆက်ကာ အနံ့ခံပြီးနောက် ဆိုဖာပေါ်မှာ ဘေးချင်းယှဉ်လှဲနေခဲ့ကြပါသည်။ အတန် ကြာပြီးနောက် အချင်းချင်း ရင်းနှီးသွားသည့်အခါ ၎င်းတို့နှစ်ကောင်သည် အိမ်နှင့် ဥယျာဉ်အနှံ့ အတူတူ လျှောက်သွားကြကာ ဓာတ်ပုံများ အရိုက်ခံခဲ့ကြပါသည်။
၎င်းတို့ တွေ့ဆုံမှု ဓာတ်ပုံများနှင့် ဗီဒီယိုများက ကမ္ဘာအနှံ့ ခွေးချစ်သူများအကြား ရေပန်းစားနေပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃