ရန်ကုန်တိုင်း ခရိုင်အားလုံး၌ ယခုရက်ပိုင်းအတွင်း မိုးထစ်ချုန်းရွာမည်

News Image

  • ရန်ကုန်တိုင်း ခရိုင်အားလုံး၌ ယခုရက် ပိုင်းအတွင်း မိုးထစ်ချုန်းရွာမည်

ရန်ကုန်တိုင်းဒေသကြီး ခရိုင်အားလုံး၌ ယခု မေ(၉)ရက်နှင့် (၁၀)ရက်တို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ထစ်ချုန်းရွာသွန်းမည်ဟု မိုး‌လေဝသဌာနခွဲ (ရန်ကုန်)က ယနေ့တွင် အသိပေးထားသည်။

အင်းစိန်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင့် ကမာရွတ်ခရိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ဆိုသည်။

ထို့ပြင် မေ (၁၁)မှ(၁၃) ရက် (၃)ရက်တာကာလအတွင်း ခရိုင်အားလုံးတွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်ကြောင်းလည်း အသိပေးထားသည်။

အလားတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌လည်း လာမည့် မေလ (၉)မှ (၁၃) ရက်များအတွင်း ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်၊ လယ်ဝေးခရိုင်နှင့် ပျဉ်းမနားခရိုင်တို့တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်းလာမည့် မေလ (၁၀) ရက်မှ (၁၁)ရက်အတွင်း ခရိုင်အားလုံး၌ မိုးအနည်းငယ်မှ အသင့်အတင့်ထစ်ချုန်းရွာသွန်းပြီး မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ သပိတ်ကျင်းခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် တံတားဦးခရိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

Source: Popular Myanmar