ယူကရိန်းက ရုရှားထံ စစ်ရပ်စဲရေး အဆိုပြုချက်များကို ပေးပို့ခဲ့ပြီးဟုဆို
ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov ကြေညာချက်အရ ယူကရိန်းနိုင်ငံသည် စစ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်များကို ရုရှားနိုင်ငံ ထံ တရားဝင်တင်ပြခဲ့ပြီးဖြစ်သည် ဟု သိရှိရပါသည်။
မေလ ၁၆ ရက်က အစ္စတန်ဘူလ်မြို့တွင် ရုရှားနှင့် ယူကရိန်း သုံးနှစ် အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံး က စစ်ရပ်စဲရေးအတွက် မိမိတို့၏ အမြင်များကို သီးသန့်အဆိုပြုချက်များ ရေးဆွဲရန် သဘောတူညီခဲ့ကြသည်။
အစ္စတန်ဘူလ်တွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ Umerov က ဗုဒ္ဓဟူးနေ့ (မေ ၂၈) က X တွင် “ယူကရိန်း၏ သဘောထား ကို ထင်ဟပ်စေသည့် အဆိုပြုချက်ကို ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ထံ မိမိကိုယ်တိုင် လွှဲအပ်ခဲ့ပါသည်။ ၎င်းတို့ ယင်းအဆိုပြုချက်ကို လက်ခံ ရယူခဲ့ပါသည်” ဟု ရေးသားခဲ့သည်။
ထို့အပြင် ဝန်ကြီးက “ရုရှားတို့နှင့် နောက်ထပ်တွေ့ဆုံဆွေးနွေးရန် မိမိတို့ ကန့်ကွက်မှုမရှိပါ။ ၎င်းတို့၏ “အဆိုပြုချက်” ကို စောင့်မျှော်နေပါသည်။ သို့မှသာ နောက်တစ်ကြိမ်ဆွေးနွေးပွဲသည် အချည်းနှီးမဖြစ်ဘဲ စစ်ပွဲ အဆုံးသတ်ရန် အမှတ်တကယ် နီးစပ်လာမည်ဖြစ်ပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
Umerov က ကိယက်ဗ်အစိုးရအနေဖြင့် ကန့်သတ်ချက်မရှိ စစ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းဘက်မှ ရုရှား၏ အဆိုပြုချက်ကို ရရှိထားခြင်းမရှိသေးဘဲ၊ မော်စကိုအစိုးရက ဆွေးနွေးပွဲများကို အချိန်ဆွဲနေသည်ဟု စွပ်စွဲခဲ့သည်။
ရုရှား၏ အဓိကညှိနှိုင်းရေးကိုယ်စားလှယ် Vladimir Medinsky က မော်စကိုအစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ဆွဲနေသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ ၎င်းက Telegram တွင် ရေးသားရာ တွင် ဗုဒ္ဓဟူးနေ့ (မေ ၂၈) က Umerov ထံဖုန်းဆက်ပြီး “အဆိုပြုချက်များ ဖလှယ်ရန် နေရာနှင့်ရက်စွဲ” အဆိုပြုခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဇွန်လ ၂ ရက်တွင် အစ္စတန်ဘူလ်၌ ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် အဆိုပြုထားသည်။ ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားဘက်မှ အဆိုပြုချက်ကို အပြီးသတ်ရေးဆွဲနေကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ပြောကြားခဲ့ပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂