နှစ်(၂၅၀)ပြည့် အမေရိကန်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ထရမ့်၏အသက် ၇၉ နှစ်ပြည့်မွေးနေ့တွင် ကျင်းပ
နှစ်(၂၅၀)ပြည့် အမေရိကန်တပ်မတော်နေ့ အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန် လ ၁၄ ရက်တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါစစ်ရေးပြ အခမ်းအနားကို ကွန်စတီကျူးရှင်း ရိပ်သာလမ်းတွင်ပြုလုပ်ခြင်း ဖြစ်ပြီး စစ်ရေးပြစစ်သည် ၇၀၀၀ ခန့်၊ အေဘရမ်တင့် ၂၅ စီးကျော်၊ စထရိုက်ကာ သံချပ်ကာယာဉ် ၂၈ စီး၊ ပလာဒင်ယာဉ်တင် အမြောက်လေးစီးအပါအဝင် စစ်ယာဉ်စုစုပေါင်း ၁၅၀ တို့က ပါဝင်စစ်ရေးပြခြင်းဖြစ် သည်။
အမေရိကန်နိုင်ငံအနေဖြင့် ယခုကဲ့သို့ စစ်အင်အားပြသမှုသည် ရှားပါးသည့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး အခြားသောနိုင်ငံများက ၎င်းတို့၏အောင်ပွဲနေ့များကို အထိမ်းအမှတ်များအဖြစ် ကျင်းပလျက်ရှိကြောင်း၊ ယခုအခါ အမေရိကန်၏ အလှည့်ကျလာပြီဖြစ်ကြောင်း ထရမ့်ကပြောသည်။
အမေရိကန်နိုင်ငံက နောက်ဆုံးအနေဖြင့် စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်မှာ ၁၉၉၁ ခုနှစ်တွင်ဖြစ်ပြီး ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် အောင်ပွဲအထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။
ထရမ့်သည် ၎င်း၏ ပထမဆုံးအကြိမ် သမ္မတသက်တမ်းကတည်းက ထိုကဲ့သို့ သော စစ်ရေးပြအခမ်းအနားကို ကျင်းပရန် စိတ်ဝင်စားခဲ့သူဖြစ်ပြီး ယခုမှသာ စစ်ရေး ပြအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။
စစ်ရေးပြအခမ်းအနား ကျင်းပနေစဉ်အတွင်း အမေရိကန်နိုင်ငံ တစ်ဝန်းတွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ လော့အိန်ဂျလိမြို့ ၌ဖြစ်ပွားသည့် ဆူပူဆန္ဒပြမှုများမှအစပြု ၍ ယခုကဲ့သို့စစ်ရေးပြ အခမ်းအနားကျင်းပမှုအပေါ် အထူးသဖြင့် ဒီမိုကရက်တစ်ကို လိုလားသော ပြည်သူအချို့က ဆန့်ကျင် ဆန္ဒပြနေခြင်း ဖြစ်ကြောင်း သိရသည်။
MWD Web Portal