မြောက်ကိုရီးယား ဆန့်ကျင်ရေးစာစောင်များ လွှတ်တင်မှု လီဂျေးမြောင် တားမြစ်
တောင်ကိုရီးယားနိုင်ငံ သမ္မတလီဂျေး မြောင်က မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်သင့်မြတ်စေရန် ရည်ရွယ်၍ တောင်ကိုရီးယားနိုင်ငံ အတွင်းမှ မြောက်ကိုရီးယားနိုင်ငံကို ဆန့်ကျင်သည့် လက်ကမ်းစာစောင်များ လွှတ်တင်မှုကို တားမြစ်လိုက်ကြောင်းနှင့် ထိုတားမြစ်ချက် ဖောက်ဖျက်သူကို အပြစ်ပေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဇွန်လ ၁၄ ရက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း တစ်ခုက နှစ်နိုင်ငံနယ်စပ်မှနေ၍ မြောက်ကိုရီးယားကို ဆန့်ကျင်သည့် လက်ကမ်းစာစောင်များကို ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် မြောက်ကိုရီးယားဘက်သို့ လွှတ်တင် လိုက်ပြီးနောက် သမ္မတကယခု ကဲ့သို့အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တောင်ကိုရီးယားအနေဖြင့် ထိုကဲ့သို့ လက်ကမ်းစာစောင်များ လွှတ်တင်ကြဲချမှုများကို ရပ်တန့်သင့်ကြောင်း၊ ထိုကဲ့သို့ လွှတ်တင်နေမှုများသည် နှစ်နိုင်ငံနယ်စပ်ရှိ ပြည်သူများ၏ နေ့စဉ်ဘဝများကို ဘေးသင့်ထိခိုက်စေနိုင်ကြောင်း၊ ထို့ပြင် ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးအရတင်းမာမှုများကိုလည်း ပိုမိုမြင့်တက်စေနိုင်ကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကန်ယူ ဂျန်းကပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အဆိုပါကိစ္စရပ်များကို တားဆီးနိုင်ရေးနှင့် အပြစ်ပေးအရေးယူနိုင်ရေး မည်ကဲ့သို့လုပ်ဆောင်ရမည်နှင့် ပတ်သက်၍ လာမည့်သီတင်းပတ် အစည်းအဝေး၌ တင်ပြရမည် ဖြစ်ကြောင်း ၎င်းကဆက် ပြောထားသည်။
MWD Web Portal