မော်စကိုမှ ရုရှား-အိန္ဒိယ-တရုတ် သုံးနိုင်ငံဖွဲ့စည်းမှုကို ပြန်လည်ရှင်သန်စေရန် နည်းလမ်းရှာ ဖွေနေ
မော်စကိုသည် ရုရှား-အိန္ဒိယ-တရုတ် (RIC) သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှု ပုံစံအား ပြန်လည် အသက်သွင်းရန် လွန်စွာ စိတ်ဝင်စားလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကြာသပတေးနေ့ (မေ ၂၉) တွင် ပြောကြားခဲ့သည်။
"ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့ပါဝင်သော အဆိုပါသုံးနိုင်ငံဖွဲ့စည်းမှုကို (ယခင်ရုရှားဝန်ကြီးချုပ်) Yevgeny Primakov ၏ ဦးဆောင်မှုဖြင့် လွန်ခဲ့သော နှစ်များက စတင်တည်ထောင်ခဲ့ပြီး ယခုအချိန်ထိ နိုင်ငံခြားရေးဝန်ကြီး အဆင့်သာမက စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်း များ၏ အကြီးအကဲများအဆင့်အပါအဝင် ဆွေးနွေးပွဲပေါင်း ၂၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မိမိတို့အနေဖြင့် အဆိုပါဖွဲ့စည်းမှုအား အမြန်ဆုံး ပြန်လည်စတင်ရန် အမှန်ပင် စိတ်အားထက်သန်ကြောင်း အတည်ပြု ပြောကြားလိုပါသည်” ဟု Lavrov က TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။
အဆိုပါ နိုင်ငံခြားရေးဝန်ကြီးသည် ဥရောပနှင့် အာရှ နယ်စပ် ယူရယ် တောင်တန်းဒေသရှိ Perm မြို့တွင် ကျင်းပသော ယူရေးရှားဒေသတွင် တစ်ခုတည်းသော လုံခြုံရေးနှင့် မျှတသည့် ပူးပေါင်း ဆောင်ရွက်မှုစနစ် ထူထောင်ရေးအတွက် နိုင်ငံတကာလူမှုရေးနှင့် နိုင်ငံရေးညီလာခံ၌ “ဒီကနေ့ အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား တည်ရှိနေသည့် နယ်စပ်ပြသနာကိုမည်ကဲ့သို့ ဖြေရှင်းရမည်ကို နားလည်သဘောပေါက်ရန် လိုကြောင်း၊ ယင်းပြဿနာကို ရုရှား-အိန္ဒိယ-တရုတ် (RIC) ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်သင့်သည်ဟု မိမိအနေဖြင့် နားလည်ပါကြောင်း” မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ၎င်းက NATO သည် အိန္ဒိယအား တရုတ်ဆန့်ကျင်ရေး လှည့်ကွက်များသို့ သွင်းရန် ပြောင်ပြောင်တင်းတင်း ကြိုးစားနေကြောင်း “မိမိတို့၏ အိန္ဒိယမိတ်ဆွေများသည် (NATO၏) အဆိုပါလှုပ်ရှားမှုကို ရှင်းရှင်း လင်းလင်း မြင်နေကြောင်း၊ ၎င်းကို ကြီးမားသော ရန်စမှုတစ်ရပ်အဖြစ် သတ်မှတ် နိုင်ကြောင်း ၎င်းတို့နှင့် အတွင်းစကား ပြောဆိုမှုအပေါ် အခြေခံပြီး ယင်းအချက်ကိုပြောတာပါ” ဟု Lavrov က စွပ်စွဲပြောဆိုခဲ့သည်။
RIC သုံးနိုင်ငံဖွဲ့စည်းမှုသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လက Galwan အရေးအခင်း ဖြစ်ပွားခဲ့စဉ်ကပင် ရပ်တန့်နေခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ရှရှားနိုင်ငံ Kazan တွင် ကျင်းပပြုလုပ်သည့် BRIC ထိပ်သီးအစည်းအဝေး၏ ဘေးဘန်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံတွေ့ဆုံမှု ရှိခဲ့ပြီး၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် လိုလားချက်များကို ဖွင့်ဟ ပြောကြားခဲ့ကြပါသည်။
ကိုးကား- NDTV World
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂