အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း ဗိုလ်ကျအနိုင်ကျင့်မှုကို ငြင်းဆိုကြောင်း အီရန်သမ္မတ ပြောကြား
အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း စေ့စပ်ညှိနှိုင်းမှုက ဗိုလ်ကျအနိုင်ကျင့်မှု သို့မဟုတ် တစ်ဖက်သတ် တောင်းဆိုမှုများကို အခြေခံ၍ မရကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်နှင့်အမေရိကန်ကြား ကြားခံဆွေးနွေးမှုနှင့်စပ်လျဉ်း၍ ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။
ကျင်းပလျက်ရှိသော အီရန်-အမေရိကန် ကြားခံဆွေးနွေးမှုနှင့်စပ်လျဉ်းပြီး မည်သည့်နယ်ပယ်တွင် မဆို ဗိုလ်ကျအနိုင်ကျင့်မှုမူဝါဒကို မကျင့်သုံးသင့်ကြောင်း ပါဇက်ရှ်ကီရမ်က အဆိုပါနေ့တွင် အီရန် နိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ထံမှ သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ်တွင် ပြောကြားခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယားလက်နက်ဆိုင်ရာကြိုးပမ်းမှု ပြုလုပ်မည်မဟုတ်ကြောင်း အစဉ်တစိုက် အတိအလင်း ပြောကြားခဲ့ပြီး ထိုရပ်တည်ချက်ကို ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အစဉ်အမြဲလိုပင် သက်သေပြခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ဒေသတွင်း အာဏာပိုင်တစ်ခုက အင်အားကြီးနိုင်ငံ၏ ထောက်ခံအားပေးမှုအောက်မှ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီးတော့ ၎င်းတို့ကိုယ်တိုင်၏ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ဖို့ သူများကို ဒေသတွင်း လုံခြုံရေးနှင့်ငြိမ်းချမ်းရေး၏ ခြိမ်းခြောက်မှုအနေဖြင့် ပုံဖော်ဖို့ ကြိုးပမ်းကြပြန်တယ်။ ထိုလုပ်ရပ်က လုံးဝလက်ခံ၍ မရပါ” ဟု ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
တချို့သော နိုင်ငံများသည် အခြားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တားဆီးပိတ်ပင်ရန် ကြိုးစားနေသည့်အပြင် ၎င်းပင်ကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို အသုံးပြုပြီး အခြားနိုင်ငံအပေါ် ဖိနှိပ်ကြရာ “ဒါဟာ တရားမျှတမှုမရှိသလို ယုတ္တိလည်းမရှိပါ။ လက်ခံနိုင်ဖွယ်လည်းမရှိပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အိုမန်၏ ရင်ကြားစေ့ပေးမှုတွင် အမေရိကန်နှင့်အီရန်တို့သည် ယခုနှစ် ဧပြီလမှစ၍ ကြားခံဆွေးနွေးမှု ၅ ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရရှိခဲ့သော်လည်း နှစ်ဖက်သည် ပင်မပြဿနာအများအပြား၌ သဘောထားကွဲလွဲနေမှုမှာ သိသာထင်ရှားလျက်ရှိပေသည်။ အီရန် အနေဖြင့် ယူရေနီယံ သန့်စင်မှုအဆင့်အားလုံးကို ဘက်စုံရပ်တန့်သင့်သည်ဟု အမေရိကန်ဘက်က အခိုင်အမာဖြစ်နေပြီး အီရန်ဘက်ကမူ အတန်အသင့် ယူရေနီယံသန့်စင်မှုပြုလုပ်ခြင်းသည် ၎င်း ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင်အသုံးပြုခွင့်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ “လုံးဝ သန့်စင်မှု မပြုရ” တောင်းဆိုမှုကို ငြင်းဆိုကြောင်း အလေးထားပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ