မြောက်ကိုရီးယားနှင့်နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

News Image

  • မြောက်ကိုရီးယားနှင့်နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်   နယ်ပယ်ပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်မှန်းထားကြောင်း   ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့က ဇန်နဝါရီ လ ၁၅ ရက်တွင်ပြောသည်။

မြောက်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်းဟွေ     ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က   ရုရှားနိုင်ငံသို့ ဇန်နဝါရီလ ၁၅ ရက်မှ ၁၇ ရက်အထိ ချစ်ကြည်ရေးခရီးလာရောက်စဉ် ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ပထမဆုံးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုတာ  မိမိတို့ရဲ့အိမ်နီးချင်း ဖြစ်ပါတယ်။ အနီးဆုံးအိမ်နီးချင်းပါ။ ဒါ့အပြင် နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်သွားဖို့ ရည်မှန်းထားတဲ့ မိတ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုများကို အဆင့်အတန်းအားလုံးနဲ့ ဆက်လက်လုပ်ဆောင် သွားမှာပါဟု ဒီမီထရီပက်စကော့က ပြောသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ခရီးစဉ်တွင်    ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုလည်း  ပါဝင်ကြောင်း၊ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နှင့် ထဲထဲဝင်ဝင်ဆွေးနွေးပြီး သဘောတူညီချက်များ ရရှိမည်ဟု    ရုရှားနိုင်ငံက မျှော်လင့်ထားကြောင်း ၎င်းကဆက်ပြောသည်။

ထို့အတူ ရုရှားသမ္မတအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်ဖြစ်ကြောင်း၊     သွားမည့် အချိန်ကို နှစ်ဖက်ညှိနှိုင်းပြီးနောက် ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့်  သိပ်မဝေးသော အချိန်တွင် ဖြစ်နိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်ဟု သိရသည်။

MWD Web Portal