ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန်အတွက် အီရန်နိုင်ငံအတွက် BRICS ထိပ်သီး အစည်းအဝေး ပါဝင်တက်ရောက်ခွင့်ရရှိရေးသည် အဖိုးတန်အခွင့်အရေးဖြစ်ပါကြောင်း Qalibaf က ပြောကြား

News Image

  • ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန်အတွက် အီရန်နိုင်ငံအတွက် BRICS ထိပ်သီး အစည်းအဝေး ပါဝင်တက်ရောက်ခွင့်ရရှိရေးသည် အဖိုးတန်အခွင့်အရေးဖြစ်ပါကြောင်း Qalibaf က ပြောကြား

တီဟီရန်၊ အီရန်

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန်နှင့် ပိတ်ဆို့ကန့်သတ်မှုများကို တုန့်ပြန်နိုင်ရန်အတွက် BRICS ထိပ်သီး အစည်းအဝေးတွင် အီရန်နိုင်ငံပါဝင် တက်ရောက်ခွင့်ရရှိရေးသည် အဖိုးတန်အခွင့်အရေးတရပ်ဖြစ်ပါကြောင်း ပါလီမန် ဥက္ကဋ္ဌ Mohammad- Baqer Qalibaf က မေလ ၃၁ ရက်နေ့က ပြောကြားလိုက်ပါကြောင်း Islamic Republic News Agency ဖော်ပြပါရှိပါသည်။

လက်တင်အမေရိကနိုင်ငံနှင့် ၁၁ ကြိမ်မြောက် BRICS Parliamentary Forum သို့ သွားရောက်ရန် မထွက်ခွာမီ ဗင်နီဇွဲလား ပါလီမန် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍ များ၌ ဆက်ဆံရေး အဆင့်မြှင့်တင်နိုင်ရန် သွားရောက်ခြင်းဖြစ်ကြောင်း၊ တီဟီရန်မြို့၏ Mehrabad International Airport တွင် စနေနေ့ (မေ ၃၁) ညက ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

လက်တင်အမေရိကတိုက်၏ လူဦးရေ သန်း ၆၀၀ ကျော်ရှိသည့်အတွက် အီရန်နိုင်ငံနှင့် ဆက်ဆံရေးတွင် မဟာဗျူဟာအရ အရေးပါမှုရှိကြောင်း၊လက်တင်အမေရိက နိုင်ငံများအားလုံးသည် ဧကမဏ္ဍိုင်စနစ်ကို ဆန့်ကျင်ကြပြီး၊ ဗဟုမဏ္ဍိုင်စနစ်ကို ထောက်ခံကြကြောင်း၊ ယင်းအချက်သည် အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကောင်းမွန်သည့် လမ်းကြောင်းဖြစ်ပါကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ကမ္ဘာ့လူဦးရေ၏ ၄၉ ရာခိုင်နှုန်းရှိပြီး၊ ကမ္ဘာ့စီးပွားရေး၏ ၃၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှု၏ ၂၄ ရာခိုင်နှုန်းကို BRICS အဖွဲ့သည်  ပိုင်ဆိုင်ထားပါကြောင်း  Qalibaf က ပြောကြား ပါသည်။  အီရန်နိုင်ငံ၏ ပါဝင်တက်ရောက်နိုင်မှုသည် နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အလမ်းဖြစ်ပါကြောင်း၊  အစည်းအဝေးတွင် နိုင်ငံတကာငွေကြေး ပေးချေမှု စနစ်ဖြစ်သည့် SWIFT နှင့် မတူကွဲပြားသည့် BRICS Pay စနစ် ကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် ပိတ်ဆို့မှုများကို ကျော်လွှာနိုင်မည်သည့် အဓိကသော့ချက်ဖြစ်သည်ကို ဦးစားပေး တင်ပြသွားရန်ရှိကြောင်း၊ အီရန် ပါလီမန် ကိုယ်စားလှယ်အဖွဲ့၏ လက်တင်အမေရိက ခရီးစဉ်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် သိသာ မြင်သာသည့် ရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

(၁၁) ကြိမ်မြောက် BRICS Parliamentary Forum သည် ဘရာဇီးနိုင်ငံ၊ ဘရာဇီးလ်လီးယား မြို့၌ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဘရာဇီးနိုင်ငံသည် ယခုနှစ်အတွက် BRICS အဖွဲ့ ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

(Ref: Islamic Republic News Agency)

ဘာသာပြန်ဆိုသူ-ဦးခိုင်ထွဋ်လှ