လာမည့်သီတင်းပတ်အတွင်း ရုရှားနှင့် ဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် ယူကရိန်း ကမ်းလှမ်း
ယူကရိန်းနိုင်ငံ သမ္မတ ဗီလာဒီမာ ဇီလန်စကီး က လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တစ်ရပ် ပြုလုပ်ရန် အဆိုပြု ကမ်းလှမ်းထားကြောင်း ဇူလိုင် ၁၉ ရက်က ပြောကြားခဲ့သည်။အစ္စတန်ဘူလ်မြို့၌ ပြုလုပ်ခဲ့သော ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ရပ်တွင် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ Rustem Umerov က လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံရန် ရုရှားနိုင်ငံဘက်သို့ ကမ်းလှမ်းထားကြောင်း သမ္မတ ဗီလာဒီမာ ဇီလန်စကီး က ၎င်း၏ ဇူလိုင် ၁၉ ရက် ညနေပိုင်း နိုင်ငံတော်မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
“ညှိနှိုင်းဆွေးနွေးမှုများ၏ အရှိန်အဟုန်ကို မြှင့်တင်ရပါမည်” ဟု သမ္မတ ဇီလန်စကီးက ပြောကြားခဲ့သည်။ “အပစ်အခတ် ရပ်စဲရန်အတွက် အရာအားလုံး လုပ်ဆောင်ရပါမည်” ဟု ၎င်းက ဆိုသည်။ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Umerov ကို ယူကရိန်းသမ္မတ ဇီလန်စကီးက အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ဇူလိုင် ၁၈ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူရန် ရက်ပေါင်း ၅၀ နောက်ဆုံးထားသည့် အစီအစဉ်ကို ဇူလိုင် ၁၅ ရက်တွင် ပယ်ချခဲ့ပြီး “ပြင်းထန်သော စည်းကြပ်ခွန်များ” ချမှတ်မည်ဟူသော ခြိမ်းခြောက်မှုကို လက်မခံနိုင်ကြောင်း သိရသည်။
ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov က ရုရှားနိုင်ငံသည် ယူကရိန်း နိုင်ငံ ပဋိပက္ခအား သံတမန်နည်းဖြင့် ဖြေရှင်းရန် ပို၍နှစ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ