အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဥပဒေချိုးဖောက်သူများအား ပစ်ခတ်သတ်ဖြတ်နေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် အပြင်းအထန် ဝေဖန်
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဥပဒေချိုးဖောက်သူများအား ပစ်ခတ်သတ်ဖြတ်နေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟော့စိန် က အပြင်းအထန် ဝေဖန်ရှုတ်ချလိုက်ပါသည်။
နယ်စပ်စောင့်တပ်များအနေဖြင့် ဥပဒေချိုးဖောက်သူများအား ပစ်ခတ် သတ်ဖြတ်ပိုင်ခွင့် လုံးဝမရှိကြောင်း တိုဟစ်ဟော့စိန်က နိုင်ငံတကာ သတင်း မီဒီယာများအား အတိအလင်းပြောကြားထားပါသည်။ အိန္ဒိယ BSF တပ် ၏ ပစ်ခတ်မှုများကို မိမိတို့ နှစ်ပေါင်းများစွာ ပုံမှန်ကန့်ကွက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး ထပ်လောင်းပြောကြားထား ပါသည်။
ထိုသို့ပစ်ခတ်သူများအား အိန္ဒိယဥပဒေအရ တရားစွဲဆိုအရေးယူရန် တိုဟစ်က အပြင်းအထန်တောင်းဆိုထားပြီး အဆိုပါသေဆုံးမှုတိုင်းမှာဘင်္ဂလားဒေ့ရှ်၏ နာကျင်ဖွယ်ဒဏ်ရာဖြစ်သဖြင့် နှစ်နိုင်ငံ ချက်ချင်း ဖြေရှင်းရန် လိုအပ်ကြောင်း အလေးအနက်သတိပေးထားပါသည်။
နှစ်နိုင်ငံအကြား နယ်စပ်နိုင်ငံသားများဖလှယ်ရေး သဘောတူညီချက်ကို ချိုးဖောက်၍ မေလမှစ၍ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ လူ ၂,၀၀၀ ခန့် ကို တွန်းပို့နေခြင်းမှာ နှစ်နိုင်ငံသဘောတူညီချက်ကို ဗြောင်ကျကျ အကြီး အကျယ် ချိုးဖောက်နေခြင်း ဖြစ်ကြောင်း တိုဟစ်က ထောက်ပြထား ပါသည်။
ထို့ပြင် ယခုလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှု ရှိသည်ဟု စွပ်စွဲခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၆ ဦးအား မလေးရှား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် နောက်ထပ် ၂ ဦး ထပ်မံ ဖမ်းဆီးခဲ့ပါသည်။ မလေးရှားဘက်က ထပ်မံဖမ်းဆီးမှုများ ရှိနိုင်ကြောင်း၊ပြစ်မှုထင်ရှားပါက မလေးရှားဥပဒေအရ ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ် ချမှတ်ခံရနိုင်ကြောင်း၊ ဒါကာအနေဖြင့် ကွာလာလမ်ပူနှင့် စုံစမ်းစစ်ဆေးရေး တွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုဟစ်ဟော့စိန် က ပြောကြားထားပါသည်။
ကိုးကား- Asia news
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃