အိမ်ဖြူတော်သည် ဓာတုပစ္စည်းများ ယိုစိမ့်မှုကြောင့် ကင်ဆာဖြစ်နိုင်ခြေ အန္တရာယ်ကို ဖုံးကွယ်ခဲ့

News Image

  • အိမ်ဖြူတော်သည် ဓာတုပစ္စည်းများ ယိုစိမ့်မှုကြောင့် ကင်ဆာဖြစ်နိုင်ခြေ အန္တရာယ်ကို ဖုံးကွယ်ခဲ့

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရသည် ၂၀၂၃ ခုနှစ်က အိုဟိုင်းယိုးပြည်နယ်၊ အရှေ့ပါလက်စတိုင်းအနီး ဖြစ်ပွားခဲ့သော အဆိပ်သင့် ဓာတုပစ္စည်းများ ယိုစိမ့်မှုနှင့်သက်ဆိုင်သည့် ပြည်သူ့ကျန်းမာရေး အန္တရာယ်များကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း “သတင်းဖော်ထုတ် သူများကို ကာကွယ်ရေးအဖွဲ့” တစ်ခုက စွပ်စွဲထားသည်။

Government Accountability Project (GAP) အဖွဲ့က FEMA (ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ) မှ တရားစွဲဆိုမှုတစ်ခုဖြင့် ရရှိခဲ့သော စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့ပြီး၊ ယင်းစာရွက်စာတမ်းများအရ အိမ်ဖြူတော်သည် ကပ်ဘေးဆိုး၏ အစစ်အမှန်အခြေအနေကို တမင် ဖုံးကွယ်ကာ ထိခိုက်ခံစားရသူများနှင့် ဆက်သွယ်ရန် တမင်ရှောင်ရှားခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် Vinyl Chloride အပါအဝင် အဆိပ်သင့်ဓာတုပစ္စည်းများ တင်ဆောင်သည့် Norfolk Southern ကုန်တင်ရထား အရှေ့ပါလက်စတိုင်းအနီး လမ်းချော်ပြီး အနီးရှိ ရေစီးကြောင်းထဲသို့ အန္တရာယ်ရှိပစ္စည်းများ ယိုစိမ့်ခဲ့သည်။ နောက်ပိုင်း တွင် ကုန်တွဲ ၅ တွဲကို ထိန်းချုပ်မီးရှို့မှု ပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ဒေသခံများ ရွှေ့ပြောင်းရခြင်း၊ တိရစ္ဆာန်များ သေဆုံးခြင်းနှင့် ရက်သတ္တပတ်အနည်းငယ်အတွင်း မဖော်ပြနိုင်သောရောဂါများ ဖြစ်ပွား ခဲ့သည်။

လပေါင်းများစွာကြာပြီးနောက် အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (EPA) က လေနှင့်ရေစစ်ဆေးမှုရလဒ်များကို ကိုးကား၍ အရှေ့ပါလက်စတိုင်းဒေသခံများသည် “အန္တရာယ် မရှိကြောင်း” ကြေညာခဲ့သည်။ ထို့အပြင် သမ္မတဘိုင်ဒင်က အဆိုပါအကျပ်အတည်းကို ဖြေရှင်းရာတွင် ၎င်းအစိုးရ၏ “ကြီးမားသောအားထုတ်မှုများ” ကို ချီးကျူး ခဲ့သည်။

အစိုးရ၏တုံ့ပြန်မှုကို ထိုစဉ်က ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပြီး၊ ဘိုင်ဒင်အား အရှေ့ပါလက်စတိုင်းသို့ အချိန်မီမသွားခြင်း၊ ဘေးအန္တရာယ်၏ ပြင်းထန်မှုကို လျှော့ပေါ့ပြောဆိုခြင်းနှင့် ကျေးရွာသားများနှင့် ကျွမ်းကျင်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးထက် ပြည်သူ့ဆက်ဆံရေးကို ဦးစားပေးခဲ့သည်ဟု အများက ဝေဖန်ခဲ့ကြသည်။

GAP စုံစမ်းစစ်ဆေးရေးမှူး Lesley Pacey ၏ အဆိုအရ ပြည်သူများ၏ စိုးရိမ်မှုများမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့ရသည်။ အိမ်ဖြူတော်၊ EPA နှင့် FEMA တို့သည် ဓာတုပစ္စည်းယိုစိမ့်မှုနှင့်ဆက်စပ်သော ပြင်းထန်သည့် အန္တရာယ်များကို လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်း၊ လျှို့ဝှက်စာရွက်စာတမ်း များတွင် “အလွန်အဆိပ်ပြင်း” ဟု ဖော်ပြထားပြီး အဆိုပါအချက်ကို ဒေသခံလူထုအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သည်ဟု ဖော်ပြ ထားသည်။

NewsNation နှင့် အင်တာဗျူးတစ်ခုတွင် Pacey က ရှင်းပြခဲ့သည်မှာ FEMA သည် ထိန်းချုပ်မီးရှို့မှုကြောင့် “အလွန်အဆိပ်ပြင်းသော မီးခိုးမြူ” ဖြစ်ပေါ်ပြီး ၎င်းသည် ဒေသတွင်း ကင်ဆာဖြစ်ပွားမှုများနှင့် အခြား ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ဖြစ်စေနိုင်ကာ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှု နှစ်၂၀ အထိ လိုအပ်မည်ကို သိရှိခဲ့ကြောင်း ဖော်ပြသည်။

GAP ရရှိထားသော အီးမေးလ်များတွင် FEMA ၏ ညှိနှိုင်းရေးမှူးအား အရှေ့ပါလက်စတိုင်းသို့ ပေးပို့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ်ရန်၊ ဒေသခံများနှင့် ဆက်သွယ်ရန်နှင့် ၎င်းတို့၏ လိုအပ်ချက်များကို အကဲဖြတ်ရန် တာဝန်ပေးထားသော်လည်း လက်တွေ့တွင် ဒေသခံများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ရှားရန် ညွှန်ကြားခံခဲ့ရကြောင်း ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂