တောင်ကိုရီးယား သမ္မတသစ် လီဂျေမြောင်ထံ ရှီကျင့်ဖျင် ဂုဏ်ပြု သဝဏ်လွှာပေးပို့

News Image

  • MWD Web Portal

တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၄ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် လီဂျေမြောင်ထံ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်-တောင်ကိုရီးယား နိုင်ငံတို့သည် အပြန်အလှန်အရေးပါသော အိမ်နီးချင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၃ နှစ်တာကာလတွင် နှစ်နိုင်ငံစလုံးသည် အတွေးအမြင်နှင့် လူမှုရေးစနစ်ကွဲပြားမှုကို ကျော်လွန်ကာ အတူလက်တွဲ၍ ရှေ့သို့ချီတက်ကြောင်း သမ္မတရှီက ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံစလုံးရှိ ပြည်သူများအား အကျိုးဖြစ်ထွန်းစေသည်သာမက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအတွက် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သမ္မတရှီက  သဝဏ်လွှာတွင် ပြောကြားထားသည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ရာစုနှစ် အပြောင်းအလဲများသည် အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများတွင်   မသေချာမရေရာသော အကြောင်းရင်းများ တိုးပွားလာကြောင်း သမ္မတရှီက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။ 

MWD Web Portal