ဘိုင်ဒင်က “ရုရှားကို ဖျက်ဆီးပစ်သင့်တယ်” ဟု ပြောခဲ့ကြောင်း ဘရာဇီး သမ္မတ လူလာ ပြော
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ရုရှားကို ဖျက်ဆီးပစ်လိုကြောင်း ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က Le Monde သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် တစ်သမတ်တည်း တိုက်တွန်းနေသည့် ဘရာဇီးခေါင်းဆောင်က ယခုပဋိပက္ခတွင် ရုရှားတစ်နိုင်ငံတည်းကိုသာ အပြစ်ဖော်ပြသည့် ပြောဆို ကြိုးပမ်းမှုများကို ကန့်ကွက်ခဲ့ပြီး “အနောက်နိုင်ငံများကလည်း တစ်စိတ် တစ်ပိုင်း တာဝန်ရှိသည်” ဟု အဆိုပါ ပြင်သစ်သတင်းစာကို အင်္ဂါနေ့ (ဇွန် ၃) တွင် ပြောကြားခဲ့သည်။
“မိမိနှင့် အတော်ကြာ စကားပြောခဲ့သည့် ဂျိုးဘိုင်ဒင်က ရုရှားကို ဖျက်ဆီးရန် လိုအပ်သည်ဟု ထင်ခဲ့သည်” ဟု လူလာက ပြောခဲ့ပြီး ၎င်းစကားစုနှင့်ပတ်သက်သည့် အချိန်ကာလကို အတိအကျ ဖော်ပြခဲ့ခြင်း မရှိပေ။
“ကမ္ဘာ့လောကမှာ ကြားနေလမ်းစဉ်ကို ကာလကြာမြင့်စွာ ကိုယ်စားပြု ခဲ့သည့် ဥရောပသည် ယခုအချိန်တွင် ဝါရှင်တန်နှင့် လိုက်လျောညီထွေ ဖြစ်အောင်နေပြီး လက်နက်ပြန်တပ်ဆင်ရန် ဒေါ်လာဘီလီယံချီ သုံးစွဲ နေပါသည်။ ယင်းအချက်က မိမိကို စိုးရိမ်စေမိပါသည်။ မိမိတို့အားလုံး စကားပြောနေသည်က စစ်ဖြစ်ရန်ပဲဆိုပါက ငြိမ်းချမ်းရေး မည်သည့် အခါမျှ ရရှိမည် မဟုတ်ပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂