ကမ္ဘာ့တောင်ဘက်ခြမ်း၏ အင်အားကို စုစည်းရာတွင် မီဒီယာက အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဟု အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား
BRICS နိုင်ငံများ စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက် အားကောင်းလာရေးကို အထောက်အပံ့ပြုရာတွင် မီဒီယာက အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်း ပိုမိုနီးကပ်စွာ သွေးစည်းညီညွတ်မှုဖြင့် အတူရှိကြရန် နိုင်ငံအသီးသီးအနေဖြင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ထောက်ခံအားပေးသင့်ကြောင်း အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nebiat Getachew က မကြာမီရက်ပိုင်းက ဆင်ဟွာ သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
BRICS နိုင်ငံများ မီဒီယာနှင့်တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို မကြာမီရက်များက ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သို့ BRICS အဖွဲ့ဝင်နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့၊ အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီ လုပ်ငန်းနှင့် ဗဟိုအမေရိကန်လွှတ်တော် စသည့်ဒေသအဖွဲ့အစည်း ၁၅၀ နီးပါးမှ ကိုယ်စားလှယ် ၂၅၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့အပြောင်းအလဲများကြားက BRICS မီဒီယာ၊ တတ်သိ ပညာရှင်အဖွဲ့များ၏ တာဝန်နှင့်ဝတ္တရားကို အတူတကွ ဆွေးနွေးပြောကြားခဲ့ကြသည်။
Nebiat Getachew က အီသီယိုးပီးယားနိုင်ငံကိုယ်စား ယင်းဖိုရမ်သို့ တက်ရောက်ခဲ့သည်။ BRICS နိုင်ငံ များ ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် တစ်ကမ္ဘာလုံးအတိုင်းအတာအနက် ဧရာမကြီးမားသည့် အလားအလာကို သိသာထင်ရှားစွာ ဖော်ပြနေကြောင်း၊ အထူးသဖြင့် ကမ္ဘာက ထိရောက်မှုမြင့်မား၍ တရားမျှတသည့် နိုင်ငံစုံစနစ် တည်ဆောက်ရန်အတွက် တွန်းအားပေးရာတွင် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားက အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး ဘုံအကျိုးစီးပွား ကိုဖော်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အခြေခံသလို တရားမျှတစွာ စီမံခန့်ခွဲမှုကိုတွန်းအားပေးသည့် အရေးကြီးအင်အားလည်းဖြစ်ပါသည်။ BRICS နိုင်ငံတွေက နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒကို အားဖြည့်ရာမှာ ဧရာမကြီးမားသည့် အလားအလာရှိပါသည်” ဟု Nebiat Getachew က ပြောကြားခဲ့သည်။
ဥတုရာသီပြောင်းလဲမှု၊ အဆုံးစွန် ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်ဝါဒ စသည့် ကြီးမားသည့် ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် BRICS နိုင်ငံများ၏ တူညီသည့်သန္နိဋ္ဌာန်နှင့် လက်တွေ့ လှုပ်ရှားမှုများကို မီဒီယာများက ကောင်းမွန်စွာ ဖြန့်ချိတင်ဆက်ရန် တာဝန်ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။ “BRICS နိုင်ငံများကြား ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား စသည့်ကဏ္ဍ ဆက်စပ်မှုကို အားဖြည့်ရန်အတွက်၊ မီဒီယာပလက်ဖောင်းက အပြုသဘောအခန်းကဏ္ဍက ပါဝင်၍ ရပါသည်” ဟု Nebiat Getachew က ဆိုသည်။
BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်တွင် အမှာစကားပြောကြားရာ၌ Nebiat Getachew က BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သည် အရေးကြီး အတွေးအခေါ်ဖလှယ်ရေးပလက်ဖောင်းကို ပေါင်းကူး တည်ဆောက်ပေးခြင်းဖြစ်ရာ BRICS နိုင်ငံများနှင့် ကြီးမားကျယ်ပြန့်လှသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ မီဒီယာ၊ တတ်သိပညာရှင် များအကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မှုကို ထိရောက်စွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အီသီယိုးပီးယားနိုင်ငံ အစိုးရက BRICS နိုင်ငံများနှင့် ၎င်း၏မီဒီယာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ အားဖြည့်သွားလိုပါသည်” ဟု ၎င်းကပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပိုမိုနီးကပ် သွေးစည်းညီညွတ်စွာ အတူရပ်တည်ရေးအတွက် နိုင်ငံအသီးသီးအနေဖြင့် မီဒီယာများအကြား ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ရန် Nebiat Getachew က တိုက်တွန်းခဲ့သည်။
ကိုးကား- ဆင်ဟွာ