ဒေါ်နယ်ထရမ့်အနေဖြင့် ပေကျင်းသို့ လာရောက်ပါက ရုရှားသမ္မတနှင့် တွေ့ဆုံနိုင်ကြောင်း ကရင်မလင် ပြောကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်စက်တင်ဘာတွင် တရုတ် နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန် ကို အနိုင်ရရှိမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် အဆိုပါအခမ်းအနားတက်ရောက်ရန် ဆုံးဖြတ်ထားပါက ရုရှားသမ္မတနှင့် တွေ့ဆုံနိုင်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က ပြောကြား လိုက်ပါသည်။
"ပေကျင်း ခရီးစဉ်အတွက် မိမိတို့ ပြင်ဆင်နေပါသည်၊ ထိုခရီးစဉ်သည် မိမိတို့ခေါင်းဆောင်၏ အစီအစဉ်ဆိုသည်မှာ မှန်ကန်ပါသည်။ သို့သော် ဒေါ်နယ်ထရမ့်အနေဖြင့် ပေကျင်း သို့ လာရောက်မည်၊ မလာရောက် ဆိုသည်ကိုမူ မိမိတို့အနေဖြင့် မသိရှိပါ" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါသည်။
တရုတ်၊ ရုရှား၊ အမေရိကန် စသည့် နိုင်ငံ ၃ နိုင်ငံမှာ အောင်ပွဲခံ နိုင်ငံများ ဖြစ်သည့်အတွက် ထို ၃ နိုင်ငံမှ ခေါင်းဆောင်များမှာ တရုတ်နိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများတွင် တွေ့ဆုံနိုင်ကြောင်း Times သတင်းစာ က အစောပိုင်းက ဖော်ပြခဲ့ပါသည်။
တရုတ်နိုင်ငံသည် အဆိုပါအခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်အား ပါဝင်ဆင်နွှဲရန် ပေကျင်း၏ ဖိတ်ကြားမှုအပေါ် ရုရှားခေါင်းဆောင်က တက်ရောက်မည်ဟု သတင်း ထုတ်ပြန်ထားပါသည်။ အမေရိကန်သမ္မတ တက်ရောက်ရန် အစီအစဉ် ရှိ၊ မရှိ ကိုမူ လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိ သေးချေ။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃