တရုတ်နိုင်ငံက အဇာဘိုင်ဂျန်နိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း အဇာဘိုင်ဂျန် သမ္မတ အီဟမ် အလီယက်ဗ် ဆို
အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်က ဇူလိုင် ၁၉ ရက်တွင် အဇာဘိုင်ဂျန်-တရုတ် ဆက်ဆံရေး ကို အထူးတန်ဖိုးထားချီးကျူးခဲ့ပြီး တရုတ်နိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံ၏ အရေးပါသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ အီဟမ် အလီယက်ဗ်က အဇာဘိုင်ဂျန်နိုင်ငံ ခန်ကန်ဒီမြို့တွင် ဖွင့်လှစ်ကျင်းပသော တတိယ အကြိမ်မြောက် Shusha ကမ္ဘာလုံးဆိုင်ရာမီဒီယာဖိုရမ်တွင် ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်နှင့် ၂၀၂၅ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲကြေညာချက် အသီးသီးဖြစ်သော တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် အဓိက သဘောတူညီစာချုပ် ၂ ခု အပါအဝင် လတ်တလော နှစ်ဖက်ဆက်ဆံရေး၏ အရေးပါသောကိစ္စရပ်များကို ၎င်းက ပြန်လည် သုံးသပ်ခဲ့ပြီး “ထိုအချက်သည် နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိ သည့် အမှတ်သင်္ကေတပဲ” ဟု ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစား ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာထောက်ခံကြောင်း အလီယက်ဗ်က အလေးထား ပြောကြားခဲ့သည်။
“နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအလားအလာ အလွန်ကျယ်ပြန့်သည်” ဟု ယူဆကြောင်း အလီယက်ဗ် က တရုတ်အရာရှိများနှင့် အလွှာ၊ အဆင့်အသီးသီးတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်-တရုတ် ပြည်သူများကြား နှီးနှော ဖလှယ်မှုသည် တိုးတက်လျက်ရှိကြောင်း၊ ယင်းမှာ တရုတ်နှင့် အဇာဘိုင်ဂျန် လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှု အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း၊ “ကျောင်းသား၊ ကုမ္ပဏီလုပ်ငန်းနှင့် ပြည်သူများကြား ဆက်သွယ်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း” ၎င်းက ထောက်ပြ ခဲ့သည်။
အဇာဘိုင်ဂျန်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အား အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အဇာဘိုင်ဂျန်သည် အပြန်အလှန်ချိတ်ဆက်မှုအား မြှင့်တင်ရန်လိုအပ်သော လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပြီး ဖြစ်ကြောင်း အလီယက်ဗ်က ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်- တရုတ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကူးလူးမှုသည် အရှိန်မြင့်တိုးတက် လျက်ရှိပြီး အနာဂတ် နှစ်အနည်းငယ်အတွင်း ဆတိုး တိုးတက်မှုအရှိန်အဟုန်ဖြစ်ပေါ်လာမည်ကို ယုံကြည်ကြောင်း၊ ထို့အပြင် “အလယ်ပိုင်းစင်္ကြံ” အပါအဝင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အသစ်များသည် အဇာဘိုင်ဂျန်ကုန်စည်စီးဆင်းမှုပမာဏကို တစ်ဆင့်တိုးမြင့်တက်လာပြီး ၎င်း၏ အရှေ့အနောက် ချိတ်ဆက်မှုအခန်းကဏ္ဍကို အားကောင်းစေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့ သည်။
အဇာဘိုင်ဂျန်-တရုတ် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးသည်လည်း စဉ်ဆက်မပြတ်နက်ရှိုင်းလျက် ရှိပြီး အဇာဘိုင်ဂျန် နေရောင်ခြည်စွမ်းအင်နှင့် လေအားစွမ်းအင်စသည့် အစိမ်းရောင်စွမ်းအင်ကဏ္ဍ တည်ဆောက်ရေးတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
၃ ရက်ကြာ ကျင်းပခဲ့သော တတိယအကြိမ်မြောက် Shusha ကမ္ဘာလုံးဆိုင်ရာမီဒီယာဖိုရမ် အခမ်း အနားကို ဇူလိုင် ၁၉ ရက်တွင် ခန်ကန်ဒီမြို့၌ ပိတ်သိမ်းခဲ့ပြီး ယခုအကြိမ်ဖိုရမ် ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲရေး-ဉာဏ်ရည်တု (AI) ခေတ်တွင် သတင်းအချက်အလက်နှင့် မီဒီယာများ၏ ရေရှည် တည်တံ့မှုအားကို မြှင့်တင်ပေးခြင်း” ဖြစ်သည်။
ကိုးကား- ဆင်ဟွာ