ဒုတိယအကြိမ် ရုရှားနှင့်အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်

News Image

  • ဒုတိယအကြိမ် ရုရှားနှင့်အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်

ဒုတိယအကြိမ်  ရုရှားနှင့် အာဖရိကဝန်ကြီးများ အဆင့်ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင်လ ၂၂ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက်  ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကတိကဝတ်ထားရှိပြီး  အာဖရိကဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေးနယ်ပယ်တွင် ကာကွယ်ရေးစွမ်းရည် တိုးတက်စေရန်အတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု လက်ရော့က မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး မာရီယာလူကက်စ်နှင့် အတူပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

မိုဇမ်ဘစ်အစိုးရသည်  ၎င်းတို့နိုင်ငံအတွင်း၌ လုပ်ဆောင်နေသည့် အကြမ်းဖက်တန်ပြန်ရေး နယ်ပယ်တွင် စွမ်းဆောင်ရည်တိုးတက်လာစေရေး အကူအညီပေးအပ်ရန် ရုရှားနိုင်ငံအား အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အီဂျစ်နိုင်ငံတွင် ကျင်းပမည့်ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အဆိုပါအရေးကိစ္စနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးဖွယ်ရှိသည်။ ထို့ပြင် မာရီယာလူကက်စ်၏ ဖိတ်ကြားမှုကြောင့် လက်ရော့အနေဖြင့် မိုဇမ်ဘစ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်မည်ဖြစ်သည်။

အာဖရိကဒေသနှင့် ဆက်ဆံရေးမြှင့်တင်ခြင်းသည် ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး အစီအစဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် အရေးတယူ ဖြေရှင်းရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းရေးကြိုးပမ်းရာတွင် ရုရှားနှင့် အာဖရိကဒေသတို့က စည်းလုံးညီညွတ်စွာ ချဉ်းကပ်လုပ်ဆောင်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ယခုနှစ် မေလ ၇ ရက်တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ သမ္မတ ဒန်းနစ်ဆက်ဆူ ငူအက်ဆိုနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

MWD Web Portal