အီရန်-ဗင်နီဇွဲလား မိတ်ဖက်ပြု‌ရေးသည် စိန်ခေါ်မှုများကို အတူတကွ မျှဝေရင်ဆိုင်ရေးအတွက် အဓိက သော့ချက်ဖြစ်သည်ဟု Qalibaf ပြောကြား

News Image

  • အီရန်-ဗင်နီဇွဲလား မိတ်ဖက်ပြု‌ရေးသည် စိန်ခေါ်မှုများကို အတူတကွ မျှဝေရင်ဆိုင်ရေးအတွက် အဓိက သော့ချက်ဖြစ်သည်ဟု Qalibaf ပြောကြား

အီရန် ပါလီမန်ဥက္ကဋ္ဌ Qalibaf က ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စတွင် တနင်္ဂနွေနေ့ (ဇွန် ၁) က ကျင်းပပြုလုပ်သည့် အီရန် နှင့် ဗင်နီဇွဲလား စီးပွားရေး ဦးဆောင်သူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ အစည်းအဝေးအတွင်း ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် BRICS နိုင်ငံများ၏ ပါလီမန် ဖိုရမ်သို့ တက်ရောက်ရန် သွားရောက်စဉ် လက်တင်အမေရိကသုံးနိုင်ငံသို့ အလည်အပတ် သွားရောက်သည့် ခရီးစဉ် အစဖြစ်ပြီး ကျူးဘားနှင့် ဘရာဇီးတို့သို့လည်း သွားရောက်ရန်ရှိပါသည်။

လက်ရှိဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍများတွင်ဖြစ်ပေါ်နေသည့် အဟန့်အတားများကို ကျော်လွှားနိုင်ရန်အတွက် စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို အကြီးမားစွာ ခံစားနေစားနေရသည့်  နှစ်နိုင်ငံတွင် ငွေကြေး စီးဆင်းမှု ပိုမိုချောမွေ့စေရန် အီရန်-ဗင်နီဇွဲလား ဘဏ်လုပ်ငန်း ပူးတွဲဘဏ်လုပ်ငန်းများ၏ အခန်းကဏ္ဍ အရေးပါမှုနှင့် SWIFT စနစ်နှင့်အပြိုင် ဖြစ်လာမည့် BRICS Pay ၏ အလားအလာတို့ကို ဦးစားပေးဆွေးနွေးခဲ့ကာ  “မိမိတို့ စီးပွားရေးကဏ္ဍများ အပေါ် တည်ရှိနေသည့် ပြည်ပဖိအားများ၏ သက်ရောက်မှုများမှ သက်သာခွင့်ရရှိစေရန်  ဒေါ်လာအစားထိုး အမျိုးသား ငွေကြေးများနှင့် ဒေသတွင်း ငွေပေးချေမှုစနစ်များ BRICS Pay တို့ဖြင့် ကုစားရန်လိုကြောင်း” “အီရန်နှင့် ဗင်နီဇွဲလား နိုင်ငံတို့ရှိ ကုန်သည်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ဘုံရန်သူနှင့် ရင်ဆိုင်ရမည့် စီးပွားရေးစစ်ပွဲ၏ မျက်နှာစာ တွင် ရှိကြသူများ ဖြစ်ပါကြောင်း” ပြောကြား ခဲ့ပါသည်။

ပါလီမန်ဥက္ကဋ္ဌက အီရန်-ဗင်နီဇွဲလား အကြား မဟာဗျူဟာကျသည့် သဘောတူညီချက်များ၊ အရေးပါသည့် အခန်းကဏ္ဍများတွင် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် “အကျိုးစီးပွားများ မျှဝေခံစားရေး၊ ဘုံရန်သူများနှင့် ရင်ဆိုင်ရာမှာ ထိရောက်မှုပိုမိုရှိစေရေး၊ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် မိမိတို့ နိုင်ငံများအကြား ပိုမို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်လိုပါကြောင်း” ပြောကြားခဲ့ပါသည်။

လောင်စာဆီ၊ စွမ်းအင်နှင့် OPEC နှင့်ပတ်သက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ မဟာဗျူဟာ ညီမျှမှုရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသော ပထဝီအနေအထား၏ အထောက်အကူပြုမှုတို့ကို Qalibaf က ထောက်ပြပြောကြားခဲ့ပါသည်။ ထို့အပြင် ပုဂ္ဂလိကကဏ္ဍများ ချိတ်ဆက်မှု ချောမွေ့လာစေရန် လွတ်လပ်သော ကုန်သွယ်မှု ယန္တရားထူထောင်ရေးနှင့် ဘဏ္ဍာလုပ်ငန်း၏ အဟန့်အတားများကို လျင်မြန်စွာ ဖယ်ရှားနိုင်ရေး၊ အီရန်-ဗင်နီဇွဲလား မိတ်ဖက်များအနေဖြင့် အပြန်အလှန် ဝယ်လိုအားနှင့် ရောင်းလိုအားကို ထိန်းညှိ၍၊ စီးပွားရေးလုပ်ငန်းများ၏ မူဝါဒများကို အခြေခံ၍ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လကတည်းက အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား အနှစ်နှစ်ဆယ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ဗင်နီဇွဲလားသမ္မတ Nicolas Maduro ၏ တီဟီရန်သို့ တရားဝင်ခရီး လာရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွင် လောင်စာဆီ၊ ရေနံဓာတု၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများအပြင် ဗင်နီဇွဲလား ရေနံချက် စက်ရုံများ ပြုပြင်ခြင်းနှင့် အီရန် နည်းပညာနှင့် အင်ဂျင်နီယာ ဝန်ဆောင်မှုများ ပံ့ပိုးဆောင်ရွက်ပေးရေးတို့ ပါဝင်သည်။

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

Photo: Tehran Times