ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၅ နိုင်ငံ ရွေးချယ်ခံရ

News Image

  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၅ နိုင်ငံ ရွေးချယ်ခံရ

ဇန်နဝါရီလမှစ၍  ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အတွက် နှစ်နှစ်သက်တမ်း တာဝန်ယူရမည့်  ကုလသမဂ္ဂ၏ ဩဇာ ကြီးမားသော ကုသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၅ နိုင်ငံကို အင်္ဂါနေ့ (ဇွန် ၃ )က  ရွေးကောက်လိုက်ပါသည်။ 

အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံက လျှို့ဝှက်မဲစနစ်ဖြင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ အနက် အလှည့်ကျ ငါးနိုင်ငံအတွက် မဲပေးရွေးချယ်ရာတွင် ဘာရိန်းနိုင်ငံက ၁၈၆ မဲ၊ ကွန်ဂိုနိုင်ငံက ၁၈၃ မဲ၊ လိုက်ဘေးရီးယားနိုင်ငံက ၁၈၁ မဲ၊ ကိုလံဘီယာနိုင်ငံက ၁၈၀ မဲနှင့် လတ်ဗီးယားနိုင်ငံက ၁၇၈ မဲ အသီးသီး ရရှိခဲ့ကြ ပါသည်။ 

လတ်ဗီးယားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် လွတ်လပ်လာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အဆိုပါ ကောင်စီတွင် ပထမဆုံးအကြိမ်ရွေးကောက်ခံရခြင်းဖြစ်ပါသည်။ “မိမိတို့ သမိုင်းအတွေ့အကြုံအရ ကမ္ဘာ့ဒေသ အသီးသီးမှ မိတ်ဖက်နိုင်ငံများ၏ အခြေအနေကို နားလည်သဘောပေါက်ခြင်း၊ စာနာနားလည်ခြင်းများဖြင့် တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်မှုရဲ့တန်ဖိုးကို နားလည်ကြောင်း၊ ငြိမ်းချမ်းရေးကို ထိပါး စေနိုင်မည့်အချက်များနှင့် ဗဟုမဏ္ဍိုင်ဝါဒ၏ စွမ်းအားဖြင့် ကာကွယ်ဖို့လိုကြောင်း”  လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီး Baiba Brazeက ဘောလ်တစ်နိုင်ငံအဖြစ် ရွေးချယ်ခံရအပြီး သတင်းသမားများအား ပြောကြားလိုက်ပါသည်။ ယူကရိန်း ငြိမ်းချမ်းရေး အဓွန့်ရှည်ရေးနှင့် အရှေ့အလယ်ပိုင်း၊ ဂါဇာ၊ အာဖရိကတွင် ခံစားနေရသည့် ဆင်းရဲဒုက္ခများ လျော့ပါးရေး နှင့် ကမ္ဘာအဝှမ်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ဖြေလျော့စေရေးတို့ကို ဆောင်ရွက်သွားဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါသည်။

ဘာရိန်းနိုင်ငံသည် အာရပ်နိုင်ငံများကိုယ်စား ဒုတိယအကြိမ် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်  “တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ” အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး Abdullatif Bin Rashid AL Zayani က ဆိုပါသည်။   “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ခိုင်မာအားကောင်းစေရေးသည် မိမိတို့၏ ရည်မှန်းချက် ဖြစ်ကြောင်း၊ ပါလက်စတိုင်း-အစ္စရေး အရေးသည်  ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်သည့် ပဋိပက္ခဖြစ်ပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် မှတ်ကျောက်တင်စရာဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ဂါဇာသို့ ရောက်ရှိရေး၊ အစ္စရေးမှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးသွားသူများအား ပြန်လွှတ်ပေးရေး စသည်တို့သည် ချက်ချင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တာဝန်ယူထားရ သော်လည်း၊ အဓိက အချက်နှစ်ချက်ဖြစ်သည့် ရုရှားနိုင်ငံက ယူကရိန်းအရေးတွင် ဗီတိုအာဏာသုံးခြင်းနှင့် ဂါဇာအရေး တွင်လည်း အစ္စရေးနိုင်ငံက အမေရိကန်နိုင်ငံ၏ အနီးကပ်ဆုံးသော မိတ်ဖက်ဖြစ်နေခြင်းတို့ကြောင့် ဆောင်ရွက်နိုင် ခြင်း မရှိခဲ့ပါ။

လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ပြီးခဲ့သည့် ကုလသမဂ္ဂထူထောင်ခဲ့သည့် နှစ် ၈၀ အကြာ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ပထဝီနိုင်ငံရေး ပကတိအခြေအနေကို ထင်ဟပ် စေရန် ဆောင်ရွက်ခဲ့သော်လည်း အားလုံး မအောင်မြင်ခဲ့ပါ။

လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ ဆုပ်ကိုင်ထားသည့် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့ရှိနေပြီး ကုလသမဂ္ဂ၏ အဖွဲ့ဝင် ဒေသအသီးသီးမှ ရွေးကောက်ခံ ၁၀ နိုင်ငံ အစုအဖွဲ့တို့ရှိပါသည်။ အာဖရိက သို့မဟုတ် လက်တင်အမေရိကနှင့် ကာရေဘီယံတို့အား အမြဲတမ်းအဖွဲ့ဝင် တစ်နေရာ ပေးရေးမှာ ကြီးမားစွာ ပျက်ကွက်နေဆဲဖြစ်ပါသည်။

လက်ရှိစည်းမျဉ်း စည်းကမ်းများအရ အဖွဲ့ဝင်အသစ် ငါးနိုင်ငံကို နှစ်စဉ် ရွေးကောက်နေရပြီး လာမည့် ဇန်နဝါရီလ အတွက် ရွေးချယ်ခံထားရသည့် နိုင်ငံများသည် အယ်လ်ဂျီးရီးယား၊ ဂိုင်ယာနာ၊ တောင်ကိုရီးယား၊ ဆီယာရာ လီယွန်နှင့် စလိုဗီးနီးယားနိုင်ငံတို့အစား တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။

ကွန်ဂိုနိုင်ငံသည် တတိယအကြိမ်မြောက် လုံခြုံရေးကောင်စီတွင် တာဝန်ယူရမည်ဖြစ်ပြီး “ကောင်စီ အနေဖြင့် မိမိတို့ နိုင်ငံကို ယုံကြည်မှုရှိသည်ကို ပြသရုံမျှမကပဲ အာဖရိက၏ စည်းလုံးမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖော်ဆောင်ရာမှာ နေရာမှန်မှန်မှ ပါဝင်နေသည်မှာ ထင်ဟပ်ပေါ်လွင်စေကြောင်း” နိုင်ငံခြားဝန်ကြီး Thérèse Kayikwamba Wagner က ပြောကြားပါသည်။ ဓာတ်သတ္တုကြွယ်ဝသည် နိုင်ငံ၏ အရှေ့ပိုင်းဒေသတွင် လက်နက်ကိုင် အုပ်စုများနှင့် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆောင်ရွက်ချက်များနှင့် အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ကွန်ဂိုနိုင်ငံ၏ ဆယ်စုနှစ်ပေါင်း များစွာ ပဋိပက္ခဖြေရှင်းခဲ့ရသည့် အတွေ့အကြုံများကို လုံခြုံရေးကောင်စီသို့ ယူဆောင်လာမှာ ဖြစ်ကြောင်း၊  “သယံဇာတ နှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများသည် ပဋိပက္ခ၏ ဆုံမှတ် ဖြစ်ပါကြောင်း” သူမက ဖြေကြားခဲ့ပါသည်။

လိုက်ဘေးရီးယားနိုင်ငံသည် ၁၉၆၁ ခုနှစ်က လုံခြုံရေးကောင်စီတွင်ပါဝင်ခဲ့ဖူးပြီး “အာဖရိကအတွက် ရွေးချယ်ခံ ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဖရိက ဘုံရပ်တည်ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများနှင့် ရာသီဥတုဖောက်ပြန်မှုများကို မယိမ်းမယိုင် ရင်ဆိုင် ဖြေရှင်းရန်သွားမည်”ဖြစ်ကြောင်း လိုက်ဘေးရီးယား နိုင်ငံခြားရေးဝန်ကြီး Deweh Gray ကပြောကြားပါသည်။

ကုလသမဂ္ဂဆိုင်ရာ ကိုလံဘီယာ သံအမတ်ကြီး Leonor Zalabata က “လက်ရှိအနေအထားကို ထိန်းသိမ်းထား ကြရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောင်ရန် မိမိတို့၏ သဘာဝကျကျ ညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြပါစို့”ဟု တိုက်တွန်းခဲ့ပြီး၊ “လူ့အခွင့်အရေး လမ်းကြောင်းမှန်အပေါ် လျှောက်လှမ်းကြရန် ဖိတ်ခေါ် ပါကြောင်း” ပြောကြားပါသည်။

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

ကိုးကား- AP