နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုကာကွယ်ရန် အစိုးရနှင့် တပ်မတော်တို့က အတူတကွရပ်တည်လျက်ရှိဟု ထိုင်းဝန်ကြီးချုပ်ပြော
နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် ထိုင်းအစိုးရနှင့် တပ်မတော်တို့က အတူတကွရပ်တည်လျက်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာက ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကို ထိန်းသိမ်းနေစဉ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပေထုံတန်က အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားသည့် နယ်စပ်အရေးနှင့်စပ်လျဉ်း၍ ကျင်းပသည့် ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ပြောကြားခြင်းဖြစ်သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်၌ ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်နှင့် စပ်လျဉ်း၍ ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် ထိုင်းအစိုးရက အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် ထပ်မံလုပ်ဆောင်မည့်အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ခြင်းမပြုမီ ဆွေးနွေးရမည်ဖြစ်ကြောင်း ပေထုံတန်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ထိုင်းတပ်မတော်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့်အခြေအနေမျိုးအတွက်မဆို ကြိုတင်အသင့်ပြင်ဆင်ထားသော်လည်း အငြင်းပွားမှုကို တတ်နိုင်သမျှ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန် ဝန်ကြီးချုပ် ပေထုံတန်က ပြောကြားထားကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်။
ယခုနှစ် မေလ ၂၈ ရက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်မတော်များကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာသည့်တင်းမာမှုများ လျော့ကျစေရန်အတွက် နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ဇွန်လ ၁၄ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
Ref: Tp
MWD Web Portal