အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ ကျင်းပမည်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇွန်လ ၉ တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာနေစဉ် ကျင်းပခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဟောင်းဝပ်လက်နစ်၊ အမေရိကန်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ ဂျမီဆင်ဂရီးယားတို့က တရုတ်ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံကြား လက်သင့်ခံနိုင်လောက်သည့် ရလဒ်များကို ထွက်ပေါ်လာစေနိုင်မည်ဟု ယုံကြည်ကြောင်း ထရမ့်က ဇွန်လ ၆ ရက်တွင် ပြောသည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပမည့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲ၌ မြေရှားသတ္တုကဏ္ဍနှင့် စပ်လျဉ်း၍ အဓိကဦးစားပေး ဆွေးနွေးမည်ဖြစ်ကြောင်း ထရမ့်၏ ကုန်သွယ်ရေးဆိုင်ရာ အကြံပေး ပီတာနာဗာရိုက ပြောကြားခဲ့ကြောင်း သိရသည်။
MWD Web Portal