မက်ခရွန်က နိုင်ငံ၏ ဘဏ္ဍာအားလုံးကို ယူကရိန်းနိုင်ငံအတွက် အသုံးပြုလျက်ရှိဟုဆို
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် နိုင်ငံ၏ ဘဏ္ဍာအားလုံးကို ယူကရိန်းနိုင်ငံအတွက် အသုံးပြုလျက်ရှိကြောင်း ပြင်သစ်နိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်သည့် မျိုးချစ်သူများပါတီမှ ခေါင်းဆောင်ဖလော်ရီယန်း ဖိလစ်ပေါ့က ပြောကြားလိုက်သည်။
သမ္မတမက်ခရွန်သည် နိုင်ငံ့ဘဏ္ဍာအားလုံးကို ယူကရိန်းနိုင်ငံအတွက် အသုံးပြုလျက်ရှိရာ ပြင်သစ်တပ်မတော်အတွက် ဘဏ္ဍာငွေကြေးများ မကျန်တော့ကြောင်း၊ မက်ခရွန်သည် ဘဏ္ဍာငွေသုံးစွဲမှုတွင် လိမ်ညာနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ဖလော်ရီယန်းဖိလစ်ပေါ့က ၎င်း၏ တွစ်တာဝက်ဆိုက်တွင် ဇွန်လ ၆ ရက်က ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။
ဘဏ္ဍာငွေကြေး ပြတ်လပ်မှုကြောင့် ပြင်သစ်တပ်မတော်၏ အခြေအနေမှာ ယခင်ကထက် ပိုမိုဆိုးရွားလာလျက်ရှိကြောင်း ၎င်းကဆက်လက် ဖော်ပြသည်။
ထို့ပြင် ယူကရိန်းနိုင်ငံသည် ရုရှားနှင့် ၎င်းတို့ကြား ဖော်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံးကို အဟန့်အတားပြုနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် ယူကရိန်းနိုင်ငံသည် ပြင်သစ်နိုင်ငံ တစ်နိုင်ငံတည်းမှ ယူရို သန်း ၂၀၀ ကို လက်ခံရရှိပြီး ဖြစ်ကြောင်း ဖလော်ရီယန်း ဖိလစ်ပေါ့က ၎င်း၏ တွစ်တာဝက်ဆိုက်တွင် ဆက်လက် ရေးသားထားသည်။
ပြင်သစ်နိုင်ငံအတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်များ မြင့်တက်မှုနှင့် အခွန်တိုးမြှင့်ကောက်ခံမှုတို့ ဖြစ်ပွားနေစဉ် ပြင်သစ်အစိုးရက ယူကရိန်းနိုင်ငံသို့ ငွေကြေးထပ်မံ ထောက်ပံ့ခြင်းသည် လက်သင့်ခံနိုင်ဖွယ် မရှိဟု ၎င်းကဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
MWD Web Portal